မြန်မာစီးပွားရေးလုပ်ငန်းရှင် ဦးတေဇနဲ့ ထူးလုပ်ငန်းစုကို ပိတ်ဆို့ဒဏ်ခတ် အရေးယူမယ်လို့ ယူကေအစိုးရက စက်တင်ဘာ ၂ ရက် ဒီကနေ့ ကြေညာပါတယ်။
ယူကေ နိုင်ငံခြားရေးဝန်ကြီး ဒေါမနစ်ရဲဘ်က "မြန်မာ့စီးပွားရေး လုပ်ငန်းရှင် ဦးတေဇနဲ့ သူ့ ရဲ့ ထူးလုပ်ငန်းစုကို ပိတ်ဆို့အရေးယူသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာစစ်အာဏာရှင် အပါအဝင် အရပ်သား ပြည်သူတွေကို ရက်စက်စွာ သတ်ဖြတ် နှိမ်နင်းမှုတွေကို ထောက်ခံအားပေးနေတဲ့ မည်သူကိုမဆို ယူကေအစိုးရက ပစ်မှတ်ထား အရေးယူသွားမှာဖြစ်တယ်" လို့သူ့ တွစ်တာ စာမျက်နှာပေါ်မှာ ရေးသားထားပါတယ်။
ဒါဟာ မြန်မာစစ်အာဏာရှင်နဲ့သူတို့နဲ့ ဆက်စပ်နေတဲ့ မိတ်ဖက်အဖွဲ့အစည်းတွေအပေါ် ၇ ကြိမ်မြောက်ထပ်တိုး အရေးယူပိတ်ဆို့တာဖြစ်တယ်လို့လည်း မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးက ထုတ်ပြန်ထားပါတယ်။
ဖေဖော်ဝါရီ ၁ နေ့ စစ်အာဏာသိမ်းပြီးနောက် လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ တာဝန်ရှိတယ်ဆိုပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် အာဏာသိမ်းမြန်မာစစ်ခေါင်းဆောင်တွေကိုလည်း ယူကေအစိုးရက ပိတ်ဆို့ဒဏ်ခတ် အရေးယူထားပါတယ်။