မြန်မာစစ်တပ်အပေါ် ပိတ်ဆို့ဒဏ်ခတ်အရေးယူမှုတွေ အရှိန်တိုးမြှင့်လုပ်ဆောင်ဖို့ ယူကေအစိုးရကို မြန်မာ့အရေးလှုပ်ရှားသူတွေက ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
ဒီဆန္ဒပြပွဲကို Stars of Myanmar Friendship အဖွဲ့က ဦးဆောင်ပြုလုပ်တာဖြစ်ပြီး မြန်မာအရေးလှုပ်ရှားသူ ၈၀ လောက်ဟာ မတ် ၁၃ ရက် မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့မှာ လန်ဒန်မြို့ရှိ ဗြိတိန်နိုင်ငံခြားရေးရုံးရှေ့ သွားရောက်ပြီး ယူကေ နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ် ကင်မရွန်ရဲ့ ဦးခေါင်းတပ်ဆင်ထားတဲ့ ပုံတွေ စာတန်းတွေ ကိုင်ဆောင်ကာ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြတာပါ။
ခရုကိုယ်နဲ့ ယူကေ နိုင်ငံခြားရေးဝန်ကြီး ဦးခေါင်းပုံတွဲဖက်သရုပ်ဖော် ဆန္ဒပြရတာကတော့ ယူကေနိုင်ငံအနေနဲ့ မြန်မာစစ်အုပ်စုအပေါ် ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုတွေ နှေးကွေးတာကို ပြသနေတာလို့ ဆန္ဒပြသူတွေက ဆိုပါတယ်။
Stars of Myanmar Friendship အဖွဲ့က မဂျူလီခိုင်က “ဒီနေ့ဟာ ကျမတို့ရဲ့ မြန်မာ့ လူ့အခွင့်အရေးနေ့ ဖြစ်ပြီး ၁၉၈၈ ခုနှစ် မတ်လမှာ ကိုဖုန်းမော်ကို တက္ကသိုလ် ပရိဝုဏ်အတွင်း လုံထိန်းရဲတွေက သတ်ဖြတ်ခဲ့တဲ့နေ့ပါ။ ကိုဖုန်းမော် ကွယ်လွန်တာဟာ မြန်မာ့သမိုင်းရဲ့ အချိုးအကွေ့တခုဖြစ်ပြီး အခုထိတိုင် ကျမတို့ကို သက်ရောက်မှုရှိနေဆဲ ဖြစ်ပါတယ်။ လူ့အခွင့်အရေးနေ့ဟာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီကို တန်ဖိုးထားလေးစားတဲ့ မြန်မာပြည်သူပြည်သားတွေက သတ်မှတ်တဲ့ နေ့တနေ့ပါ။ ဒါပေမဲ့ ကံမကောင်းစွာပဲ လူ့အခွင့်အရေး၊ ဒီမိုကရေစီနဲ့ တရားမျှတမှုရရှိရေးအတွက် အခုထိတိုင် စစ်အုပ်စုကို ကျမတို့ ဆန့်ကျင်နေရဆဲ ဖြစ်ပါတယ်။ ယူကေနိုင်ငံဟာ မြန်မာပြည်သူတွေအတွက် အရေးပါတဲ့နိုင်ငံအဖြစ် ဆက်လက်တည်ရှိနေပြီး ဗြိတိသျှစည်းမျဉ်းတွေရဲ့ အမွေအနှစ်တွေကလည်း မြန်မာနိုင်ငံမှာ တည်ငြိမ်မှုနဲ့ လူ့တန်ဖိုးတွေရဲ့ အခြေခံအုတ်မြစ် ဖြစ်ပါတယ်။ အလားတူ ဒေးဗစ်ကင်မရွန်းကလည်း ကျမတို့အတွက် အရေးကြီးပါတယ်။ သူဟာ ဒေါ် အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ ၂၀၁၂ ခုနှစ် ဧပြီလတုန်းက မြန်မာနိုင်ငံကို သမိုင်းဝင် သွားရောက်ခဲ့ပါတယ်။ သူ နိုင်ငံခြားရေး ၀န်ကြီး ဖြစ်လာတဲ့အခါ ကျမတို့အတွက် သူ ဘယ်လို ဆောင်ရွက်ပေးမလဲဆိုတာကို ကျမတို့ မျှော်လင့်ထားပါတယ်။ ဒါပေမဲ့ ခုချိန် ထိ သူ့ဆီက ဘာတွေ လုပ်ဆောင်နေတယ်ဆိုတာကို မကြားရသေးတာကြောင့် စစ်ကောင်စီလက်အောက်ခံ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE)၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်း၀ယ်ရေးဘဏ် (MICB) နဲ့ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) တို့အပေါ် ပစ်မှတ်ထား အရေးယူပိတ်ဆို့မှုတွေ အမြန်ဆောင်ရွက်ဖို့ အပါအဝင် အချက်လေးချက်ကို တောင်းဆိုဖို့ ဆန္ဒပြတောင်းဆိုခဲ့ပါတယ်” လို့ပြောပါတယ်။
ယူကေအစိုးရဟာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာစသိမ်းကတည်းက စစ်အုပ်စုနဲ့ ဆက်နွှယ်တဲ့ တပ်ပိုင်မ္ပဏီတွေ၊ ကျောက်မျက်ကဏ္ဍနဲ့ မြန်မာစစ်တပ်ကို လေယာဉ်ဆီနဲ့ စက်ကိရိယာတွေ ပံ့ပိုးပေးနေတဲ့ မြန်မာကုမ္ပဏီတွေအပါအဝင် စစ်အုပ်စု ၀င်ငွေရလမ်း၊ လက်နက်နဲ့ ပစ္စည်းတွေကို ပိတ်ဆို့အရေးယူရေး မူဝါဒကို ချမှတ်ခဲ့တာပါ။
ဒါပေမဲ့ ပိတ်ဆို့အရေးယူမှု အကောင်အထည်ဖော်ရာမှာ အရှိန်အဟုန်ဟာ မယုံနိုင်လောက်အောင် နှေးကွေးနေပြီး ဓာတ်ငွေ့နဲ့ နိုင်ငံပိုင်ဘဏ်တွေလို စစ်တပ်ကို ဝင်ငွေနဲ့ လက်နက်ဝယ်ယူမှု လွယ်ကူချောမွေ့စေမယ့် အဓိကကဏ္ဍတွေမှာ ပိတ်ဆို့အရေးယူမှုတွေ မလုပ်ဆောင်နိုင်သေးဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် အရပ်သားတွေကို လေကြောင်းတိုက်ခိုက်မှုအတွက် အသုံးပြုနိုင်တဲ့ လေယာဉ်ဆီတွေ မြန်မာနိုင်ငံကို ပို့ဆောင်ပေးနေတဲ့ ဗြိတိန်ကုမ္ပဏီတွေရဲ့ အခန်းကဏ္ဍကို အာမခံထားပေမဲ့ ပိတ်ဆို့ အရေးယူတာတွေလည်း မလုပ်နိုင်သေးဘူးလို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာတော့ စစ်အာဏာသိမ်း ၃ နှစ်ကျော်ကာလတွေအတွင်း နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးကဏ္ဍတွေ အသီးသီးမှာ အဘက်ဘက်က ကျဆင်းနေခဲ့တာပါ။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝန်း လူဦးရေ ၁၈ ဒသမ ၆ သန်းလောက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေပြီး လူပေါင်း ၂ ဒသမ ၇ သန်းကျော် အိုးအိမ် စွန့်ခွာထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။
ဒါ့အပြင် ပဋိပက္ခတွေဟာ ရခိုင်ပြည်နယ်၊ နိုင်ငံအနောက်မြောက်ပိုင်း၊ အရှေ့တောင်ပိုင်းတို့မှာ ဆိုးရွားတဲ့ အခြေအနေတွေနဲ့အတူ နေရာအနှံ့အပြား ပျံ့နှံ့ဖြစ်ပွားနေတယ်လို့လည်း UNOCHA က ပြောပါတယ်။
Photo Credit- Burma Campaign UK