စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ရက်တွေက မိုးရွာသွန်းမှုများပြားတဲ့အတွက် စိုက်ပြီးသား လယ်ဧတွေ ရာနဲ့ချီ ရေနစ်မြုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သခွတ္တောကျေးရွာသားတစ်ဦးက “ကျနော်တို့ရွာမှာ စိုက်ပြီးသားလယ် ဧက ၂၀၀ လောက် ရေမြုပ်တယ်ဗျ။ မိုးအားကောင်းပြီး။ ရေဆိုးထုတ်မြောင်းက တိမ်ကောနေတော့ ရေက အတော်နဲ့ မထွက်နိုင်ဘူး။ ဒါကြောင့် ရေမြုပ်ကုန်တာ။” လို့ ပြောပါတယ်။
သခွတ္တောကျေးရွာမှာ အခုလို ရေနစ်မြုပ်တာ ၃ နှစ်တကြိမ်လောက်ဖြစ်တယ်လို့ သိရပြီး ၊ ရေ ဆိုးထုတ်မြောင်း တိမ်ကောနေတာကို ပြန်လည်ပြုပြင်ပေးစေခြင်တယ်လို့လည်း ဆိုပါတယ်။
“ရေဆိုးထုတ်မြောင်းပြင်ရင် ဒါလောက်မဆိုးဘူး။ ကျနော်တို့မြို့နယ်က ဆည်မြောင်းဌာနကလည်း အရင်ကတည်းက ဘာမှအားကိုးလို့ရတာမဟုတ်ဖူး” လို့ သခွတ္တောကျေးရွာသားကပြောပါတယ်။
ဝက်လက်မြို့နယ်အတွင်းမှာ အန်အယ်လ်ဒီ အစိုးရလက်ထက်က ဆည်မြောင်းတာတမံတွေ ပြုပြင်မှုတချို့ရှိခဲ့ပေမဲ့ သက်ဆိုင်ရာဆည်မြောင်းဝန်ထမ်းတွေဟာ မြောင်းကောင်းဖို့ထက် ကိုယ့်အတွက် ကျန်ဖို့ကိုသာ အလေးထားနေကြတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ဝက်လက်မြို့နယ်အတွင်းမှာ ပင်းဇင်း၊ တကောင်းမင်း ၊ လှတောစတဲ့ကျေးရွာတွေဟာ မိုးကောင်းတဲ့နှစ်တိုင်း ရေကြီးနစ်မြုပ်တာကြုံရလေ့ရှိသလို၊ သခွတ္တောလို ကျေးရွာတွေကတော့ မြောင်းပိတ်ဆို့မှုကြောင့်သာ ရေနစ်မြုပ်တဲ့ ဒဏ်ခံရတာဖြစ်ပါတယ်။