Home
မြန်မာသတင်း
ဝက်လက်မြို့တွင် ရွာသား ၁၅ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး
DVB
·
October 24, 2023
Wet Let_24102023

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ ဝက်လက်ရွဲရွာရှိ ရွာသား ၁၅ ဦးကို စစ်ကောင်စီတပ်က အောက်တိုဘာ ၂၄ ရက် မနက်ပိုင်းမှာ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မန္တလေး-မြစ်ကြီးနား မီးရထားသံလမ်းပြင်ရာမှာ လုံခြုံရေးယူပေးနေတဲ့ အင်အား ၅၀ ဝန်းကျင်ရှိ စစ်ကောင်စီတပ်ဟာ ဝက်လက်ရွဲရွာထဲကို လက်နက်ငယ်တွေနဲ့ ပစ်ခတ် ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ပစ်ခတ်မှုတွေကြောင့် ဝက်လက်ရွဲရွာသားတွေ အသက်လု ထွက်ပြေးတဲ့အချိန်မှာ သူတို့ကြိုက်တာရှာစား၊ ယူသွားတယ်လို့ တော်လှန်ရေး အင်အားစုတွေထံက သိရပါတယ်။

ဖမ်းဆီးခံရသူတွေမှာ ကိုကင်းကောင် အသက် ၃၀၊ မဖြူတုက် အသက် ၃၀၊ မိနွယ် အသက် ၃၀၊ မမြတ်ထွေး အသက် ၃၀၊ ဒေါ်သင်းအေး အသက် ၆၀၊ ဦးစံဝင်း အသက် ၇၄၊ ကိုဇာ အသက် ၃၅၊ မအေးစိုး အသက် ၃၅၊ ဒေါ်မြတ်ဥ အသက် ၇၀၊ ဦးကံချွန် အသက် ၇၃၊ ဦးသောင်းလွင် အသက် ၇၂ နှစ်တို့ဖြစ်ကြပြီး ကျန်တဲ့ သားအဖ ၄ ဦးအမည် စုံစမ်းနေဆဲ ဖြစ်ပါတယ်။

ရွှေဘိုခရိုင် အမှတ်-၁၈တပ်ရင်း နယ်စည်းမခြား တော်လှန်ရေးအင်အားစုမှ ဗိုလ်စွန်ရဲက “ဖမ်းခံရတဲ့ ၁၅ ဦးမှာ အသက် ၃၀ ကျော်တွေက အသက်ကြီးတဲ့ အဘိုးအဘွားတွေနဲ့ ဆက်စပ်မိသားစုတွေပါ။ အမျိုးသားတဦးက ပြေးရင်းလွှားရင်း ရမ်းပစ်ခံထိတာ လက်မောင်းကျည်ရှပ်ထိ (မစိုးရိမ်ရ) သွားပြီး သူကတော့ လွတ်သွားတယ်။ အဖမ်းခံရတဲ့သူတွေက အခုထိ ပြန်လွတ်တာ သတင်းမကြားရသေးဘူး” လို့ ပြောပါတယ်။

လက်မောင်းကျည်ရှပ်ထိခံရသူမှာ အသက် ၆၀ အရွယ် ဦးချစ်ဝင်း ဖြစ်ပြီး ဝက်လက်ရွဲရွာ အနောက်ဖျားရှိ တဲတလုံးကိုလည်း အဆိုပါစစ်ကောင်စီတပ်က မီးရှို့သွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ရထားသံလမ်းပြင်တဲ့နေရာနဲ့ ဝက်လက်ရွဲရွာဟာ ၃ မိုင်လောက်သာကွာခြားပြီး ဝက်လက်ရွဲရွာမှာ လူဦးရေ ၄၀၀ ခန့် ရှိပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024