စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ မန္တလေး-မြစ်ကြီးနား ရထားသံလမ်းဘေးက ကျေးရွာတွေကို စစ်တပ်က စစ်ကြောင်းထိုးပြီး ကျေးရွာတွေကို မီးရှို့နေတာကြောင့် ဒေသခံ ၁၀,၀၀၀ ကျော် စစ်ရှောင်နေရတာ နှစ်လကျော်ကြာပြီဖြစ်ပြီး သူတို့အတွက် စားနပ်ရိက္ခာ၊ အမိုးအကာနဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။
ဝက်လက်မြို့နယ်က မီးရထားသံလမ်းကို စစ်ကောင်စီတပ်က စစ်လက်နက် ထောက်ပို့ဖို့အတွက် အင်အားသုံး ပြုပြင်နေတာ လေးလကျော်ကြာပြီဖြစ်ပြီး စစ်တပ်က ကျေးရွာတွေကို မီးရှို့နေတာကြောင့် ကျေးရွာ ၁၀ ရွာကျော်က ဒေသခံ ၁၀,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဝက်လက်မြို့နယ် ထောက်ပို့အဖွဲ့ တာဝန်ရှိသူက ဆိုပါတယ်။
“စစ်ရှောင်တွေအတွက် အမိုးအကာ၊ စားနပ်ရိက္ခာတွေ လိုအပ်နေပါတယ်။ ရာသီဥတု အကူးအပြောင်းဆိုတော့ ဖျားသူတွေရှိတယ်။ ဆေးဝါးအကူအညီလည်း လိုအပ်နေပါတယ်။ ဆေးကတော့ လက်ရှိမှာ ဝယ်သောက်နေရတယ်။ စောင်တွေလည်း လိုနေပါတယ်။”
ဝက်လက်နယ်အရှေ့တောင်ခြမ်း ထန်ကြီးရွာမ၊ ထန်းကြီးဘူတာ၊ ပေါက်ကန်ရွာမ၊ ပေါက်ကန်ဘူတာ၊ ကူကောင်းရွာတို့ကို စစ်တပ်က မီးရှို့ထားပြီး သုံးဆင့်ကန်ရွာ၊ ရေသောက်ကန်ရွာ၊ ကူကောင်းရွာ၊ ဝက်လူးအိုင်ရွာ၊ သာလိုင်းရွာ၊ ရုံးသာရွာတို့က စစ်ရှောင်တွေ နေရပ်မပြန်နိုင်သေးဘူးလို့ သိရပါတယ်။
အခုလက်ရှိမှာ စစ်တပ်ပြုပြင်နေတဲ့ ရထားသံလမ်းက ဆက်လက်ပြုပြင်နေဆဲဖြစ်ပြီး စစ်အုပ်စုက သုံးဆင့်ကန်၊ ဝက်လူးအိုင်၊ သာလိုင်း၊ ရုံးသာတို့မှာ တပ်စွဲထားတယ်လို့ သိရပါတယ်။