မြစ်ကြီးနားမြို့ မြို့သစ်ကြီးရပ်ကွက်က ကိုသန်းစိုးအောင် (၂၅) နှစ်ကို ဩဂုတ် ၃၁ ရက်မနက် ၃ နာရီလောက်မှာ မြဝတီဘဏ်စောင့်တဲ့ စစ်သားတွေက သေနတ်နဲ့ပစ်သတ်ခဲ့တယ်လို့ သေဆုံးသူရဲ့ ဆွေမျိုးတော်စပ်သူဆီက သိရပါတယ်။
အမည်မဖော်လိုသူ ဆွေမျိုးတစ်ဦးက "သူက အိမ်နဲ့မနီးမဝေးမှာဘဲ ဆိုင်ကယ်စီးပြီး ငါးအိပ်ချိန်ငါးပိုက်သွားဖြုတ်တာကို ငါးမျှားတဲ့နားမှာ ရဲမှူးအိမ်ဆိုလားရှိတယ်။ ဘဏ်ရဲ့ နောက်ကျောမှာ အဲ့ဒီအိမ်က ဖုန်းဆက်လိုက်တယ်ထင်တယ်။ ညဆိုတော့ တစ်ခုခုလုပ်မှာ ကြောက်လို့ ထင်တယ်။ သုံးချက်ပစ်တာတဲ့ ပထမနှစ်ချက်က မထိဘူး၊ နောက်တစ်ချက်မှာ ဆီးခုံထိသွားတယ်" လို့ ပြောပါတယ်။
သြဂုတ် ၂၇ ရက်ည ၇ နာရီကျော်ကလည်း မြစ်ကြီးနားမြို့၊ နယ်မြေရဲစခန်းအ နောက်ထောင့်က ကင်းရုံအနီးမှာ ၂၃ နှစ်အရွယ် ဆိုင်ကယ်စီးနှင်းလာတဲ့ အမျိုးသား တစ်ယောက်အား မသင်္ကာလို့ သေနတ်နဲ့ ၂ ချက်ပစ်ခဲ့တာကြောင့် သေဆုံးသွားတယ်လို့ ရဲစခန်းနဲ့ နီးစပ်သူတစ်ဦးဆီက သိရပါတယ်။
အတည်မပြုနိုင်တဲ့ သတင်းအရ နယ်မြေရဲစခန်းအနီးက သေဆုံးသူရဲ့လက်ထဲမှာ လက်လုပ်မိုင်း တစ်ခုကိုင်ထားပြီး ဆိုင်ကယ်မှာ ဓာတ်ဆီပုံးတစ်ပုံး ချိတ်ကာ ဓားရှည်တစ်ချောင်း ပါတယ်လို့ သိရပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ မြစ်ကြီးနားမြို့က ရဲစခန်းတွေ ဘဏ်တွေရှေ့မှာ စစ်ကောင်စီတပ်သားတွေက သံဆူးကြိုး အကာအရံ အတားအဆီးတွေနဲ့ လမ်းတွေကို ပိတ်ထားပြီး ရှိနေတာဖြစ်ပါတယ်။
သြဂုတ် ၃၀ ရက်ကလည်း ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် ကမ္ဘာ့ရတနာဘဏ် ဓားပြတိုက်မှု ဖြစ်ပွားခဲ့ပါတယ်။