ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့နယ်အတွင်း တိုက်ပွဲမှာ MNDAA ကိုးကန့်တပ်က သိမ်းဆည်းရမိတဲ့ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ခမရ (၅၇၅) တပ်ရင်းမှ လက်နက်ခဲယမ်းနဲ့ အသုံးအဆောင်ပစ္စည်းတွေကို ဩဂုတ် ၃၁ ရက်နေ့ ရက်စွဲနဲ့ ကိုးကန့်သတင်းဌာနက ထပ်မံထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ခမရ (၂၃၀) တပ်ရင်းထံမှ သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်း ပစ္စည်းတွေကို ထုတ်ပြန်ခဲ့ပြီး ခုနောက်တကြိမ် ဓာတ်ပုံတွေနဲ့တကွ ထပ်မံထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
မုံးကိုးဒေသမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ တပ်ရင်းမှူး၊ ဗိုလ်မှူး၊ ဗိုလ်ကြီးနဲ့အရာရှိ၊ စစ်သည်တွေ ထိခိုက်ကျဆုံးများခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ကပြောပေမဲ့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ မဟုတ်မှန်ကြောင်း ငြင်းဆိုထားပါတယ်။
မုံးကိုးမြို့ အရှေ့တောင်ဘက်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ အရာရှိငယ်တစ်ဦးနဲ့ စစ်သည်တချို့ ကျဆုံးပြီး လက်နက်ခဲယမ်းအချို့ ပျောက်ဆုံးနေကြောင်း စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။