မြန်မာ- တရုတ်နယ်စပ် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မုံးကိုးဒေသမှာ ဩဂုတ် ၂၈ ရက် ညတိုက်ပွဲမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်၊ ခဲယမ်းတွေနဲ့ အသုံးအဆောင်ပစ္စည်း အများအပြားကို MNDAA(ကိုးကန့်တပ်) နဲ့ KIA (ကချင်တပ်)တို့က သိမ်းဆည်းရမိခဲ့တယ်လို့ ကိုးကန့်တပ်က သတင်းထုတ်ပြန်ပါတယ်။
အဲ့ဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ တပ်ရင်းမှူး ၂ ဦး အပါအဝင် အရာရှိ၊ စစ်သည်တချို့ သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်း ကချင်နဲ့ ကိုးကန့် သတင်းရင်းမြစ်တွေက သိရပါတယ်။
မနေ့က စစ်ကောင်စီတပ်တွေ အထိခိုက်အသေဆုံးများခဲ့တဲ့နေရာကို ဩဂုတ် ၂၉ ရက် မနက်ပိုင်းမှာ အင်အားထပ်မံ ဖြည့်တင်းပြီး ထိုးစစ်ဆင်လာလို့ MNDAA နဲ့ KIA ပူးပေါင်း တပ်တွေက ခုခံစစ်ဆင်နွှဲကာ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပါတယ်။
ပြီးခဲ့တဲ့ လပိုင်းက ပန်းဆိုင်း(ကြူကုတ်) ဒေသမှာ MNDAA (ကိုးကန့်တပ်)နဲ့ ဖြစ်ပွားတဲ့ တိုက်ပွဲမှာလည်း စစ်ကောင်စီတပ်မှ ဒုတပ်ရင်းမှူးအပါအဝင် အရာရှိ၊ စစ်သည် ၅ ဦး သေဆုံးခဲ့ပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာအမျိုးသားဒီမိုကရက်တစ်အကျိုးပြုတပ်(MNDAA)နဲ့ စစ်ကောင်စီတပ်တွေ မုံးကိုးနဲ့ ပန်ဆိုင်း(ကြူကုတ်)ဒေသအတွင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူလူထု ၂၀၀၀ နီးပါး စစ်ဘေးတိမ်းရှောင်နေရပါတယ်။
စစ်ဘေးကြောင့် စားနပ်ရိက္ခာခက်ခဲနေတဲ့ ပြည်သူတွေကို MNDAA ကိုးကန့်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့၊ ကချင်အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ဒေသတွင်း လူမှုကူညီရေးပရဟိတအဖွဲ့တွေ က အခြေခံစားသောက်ကုန်တွေ ထောက်ပံ့ကူညီနေကြပါတယ်။