မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ သံလျှက်မှော်အနောက်ရပ်ကွက်က အုပ်ချုပ်ရေးမှူးရဲ့ နေအိမ် နဲ့ အန်အယ်လ်ဒီရပ်ကျေး ဥက္ကဋ္ဌ နေအိမ်တို့ကို ဩဂုတ် ၂၈ ရက် ည ၁၁ နာရီခွဲလောက်က စစ်ကောင်စီတပ်တွေ ဝင်ရောက် စီးနင်းရှာဖွေသွားပါတယ်။
သံလျှက်မှော်အနောက်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးညီညီထွန်းနဲ့ အန်အယ်လ်ဒီ ဥက္ကဋ္ဌတို့ ဖမ်းဆီးခံရတာမရှိပေမယ့် အန်အယ်လ်လ်ဒီ ဥက္ကဋ္ဌရဲ့ နေအိမ်က ရွှေနဲ့ ငွေကြေး ကျပ်သိန်း ၁၅၀ လောက် စစ်ကောင်စီတပ်တွေ ယူသွားတယ်လို့ ဆိုကြပါတယ်။
ရပ်ကွက်နေပြည်သူ တစ်ဦးက “အုပ်ချုပ်ရေးမှူးအိမ်နဲ့ ပါတီ ဥက္ကဋ္ဌ အိမ်ကို တချိန်တည်း ဝင်စီးတာ။ ပါတီဥက္ကဋ္ဌ အိမ်က ရွှေတွေ ငွေတွေယူသွားတယ်လို့တော့ ပြောနေကြတယ်။ အုပ်ချုပ်ရေးမှူးက အရင်ကလည်း အုပ်ချုပ်ရေးမှူးပဲ အခုလည်း အုပ်ချုပ်ရေးမှူးပဲ။ လူကတော့ အိမ်မှာမရှိတော့ ဖမ်းခံရတာမရှိဘူး” လို့ ပြောပါတယ်။
သံလျှက်မှော်အနောက်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးညီညီထွန်းဟာ အရင်ကလည်း တကြိမ် ဖမ်းဆီးထိန်းသိမ်းခံရဖူးပြီး အုပ်ချုပ်ရေးမှူးလုပ်မယ်ဆိုတဲ့ ခံဝန်နဲ့ ပြန်လွတ်လာတယ်လို့ သိရပါတယ်။
အခုအခါ သံလျှက်မှော်အနောက်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးညီညီထွန်းဟာ စစ်ကောင်စီနဲ့ ပူးပေါင်းလုပ်ဆောင်တာမရှိတာကြောင့် လာရောက်ရှာဖွေဖမ်းဆီးတာဖြစ်နိုင်တယ်လို့ ရပ်ကွက်နေပြည်သူတချို့က ပြောကြပါတယ်။