မန္တလေးတိုင်း မိုးကုတ်မြို့ အနောက်ပိုင်းက လူငယ်တစ်ဦးကို စစ်အုပ်စုက သြဂုတ် ၂၇ ရက်နေ့ ညနေပိုင်းမှာ စစ်အုပ်စုက ဖမ်းဆီးသွားပြီး ပုဒ်မ ၅၀၅ နဲ့ ထောင်ဒဏ် ၁ နှစ် ချက်ချင်းချလိုက်တယ်လို့ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံတစ်ဦးက "ညနေပိုင်းမှာ အိမ်ကို ရဲတွေ ၁၀ ယောက်ဝန်းကျင်လောက်ရောက်လာပြီး နာမည်ခေါ်တယ်၊ ပြီးတော့ ဘာမှမမေးဘဲ ပြတင်းပေါက်နေ ကျော်ဝင်လာပြီး ဖမ်းဆီးသွားတယ်” လို့ ပြောပါတယ်။
ဖမ်းဆီးခံထားရသူ ကိုအောင်မိုးကျော်နဲ့အတူ သွားလာနေကျ သူငယ်ချင်းတဦး ဖုန်းဆက်လာပြီးနောက် ဖမ်းဆီးခံလိုက်ရတာလို့ ဆိုပါတယ်။
"ပထမဆုံး သူ့သူငယ်ချင်းတယောက်ကို အရင်ဖမ်းမိပြီး အဲ့တယောက်ရဲ့ ဖုန်းနဲ့ ဒီကောင်လေးဆီဆက်ပြီး ဘယ်မှာလဲဆိုပြီး စုံစမ်းပြီးဖမ်းသွားတာ" လို့ ဒေသခံက ပြောပါတယ်။
ကိုအောင်မိုးကျော်ကို အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးပြီးနောက် ချက်ချင်း ပုဒ်မ ၅၀၅ နဲ့ ထောင် ၁ နှစ်ချလိုက်ကြောင်း မိသားစုကို သတင်းပို့ခဲ့တာလို့ သိရပါတယ်။
ကိုအောင်မိုးကျော်က သပိတ်တွေမှာသာ ပါဝင်ဖူးသူဖြစ်ပြီး ဘာကြောင့်ဖမ်းဆီးပြီး ချက်ချင်း ထောင်ချတယ်ဆိုတာကို မသိဘူးလို့ ဒေသခံတွေက ပြောပါတယ်။