ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ မြို့နယ်မှာ ဆိုင်ကယ်ရှိတဲ့ နေအိမ်တွေကို စစ်ကောင်စီခန့် ရပ်ကျေးအဖွဲ့က တအိမ်တက်ဆင်း စာရင်းလိုက်ကောက်နေတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
မြို့နယ်တွင်းက တစ်ချို့လမ်းတွေမှာ အထက်ကညွှန်ကြားလို့ဆိုပြီး ရာအိမ်မှူး၊ လမ်းမှူးတွေက ပုံစံယူလာပြီး တစ်အိမ်တက်ဆင်း စာရင်းလိုက်ကောက်နေတာဖြစ်ပြီး ဘာကြောင့် ဆိုင်ကယ်စာရင်းကောက်တယ်ဆိုတာ မသိရသေးဘူးလို့ ဆိုပါတယ်။
မြို့ခံတစ်ဦးက “မိမိနေအိမ်မှာ ဆိုင်ကယ်ရှိရင် ဆိုင်ကယ်က မိမိပိုင် ဟုတ် မဟုတ် အထောက်အထားပေါ့ဗျာ။ ဆိုင်ကယ်လိုင်စင် ရှိရင် ရှိတယ်၊ မရှိရင် မရှိဘူးပေါ့ ဖောင်ဖြည့်ရတာပါ။ ဆိုင်ကယ်နဲ့ လူနဲ့ ဓာတ်ပုံရိုက်ပေးရတယ်။ ပြည်သူတွေလည်း ကိုယ့်အိမ်ကိုယ်နေပြီး အကျယ်ချုပ် ကျနေသလိုပါပဲ” လို့ ပြောပါတယ်။
လှိုင်သာယာမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေက ဆိုင်ကယ်စီးလာတဲ့သူတွေကို ရှာဖွေ စစ်ဆေးတာတွေ မကြာခဏ ပြုလုပ်နေတယ်လို့ သိရပါတယ်။