စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ သြဂုတ် ၂၅ ရက်ညနေပိုင်းက ကျေးရွာတစ်ရွာအတွင်း ဝင်လာတဲ့ အမည်မသိ လူစိမ်းတစ်ယောက်ကို မသင်္ကာလို့ စစ်ဆေးရာမှာ ဒု-တပ်ကြပ်အဆင့်ရှိ စစ်ကောင်စီတပ်သားတစ်ဦးဖြစ်တာတွေ့ရလို့ ယင်းမာပင် PDF အဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။
သြဂုတ် ၂၅ ရက် ညနေ ၅ နာရီလောက်မှာ ရွာထဲက ဆိုင်တစ်ဆိုင်မှာ စျေးဝယ်နေတဲ့ အရပ်ဝတ်နဲ့ မျက်နှာစိမ်းတစ်ယောက်ကို မသင်္ကာလို့ ဖမ်းဆီးမေးမြန်းခဲ့တာလို့ ဒေသခံ PDF အဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။
"တွေ့တွေ့ခြင်း မေးမြန်းတုန်းက စကားကို ဟိုပြောဒီပြော ဖြေနေတာ။ သူ့မှာ ဆေးစွဲထားတဲ့ပုံစံ။ ဒီနေ့ (သြဂုတ်၂၆)မနက် ကျမှ သူ့အမူအရာက ပုံမှန်ဖြစ်ပြီး စကားပြောတာတွေက မှန်သလိုဖြစ်နေတော့ ထပ်မံမေးမြန်းကြည့်တာ သူက နေပြည်တော်က လာတာဖြစ်ကြောင်း၊ ဒီနယ်ကို မလာချင်ပေမယ့် လာရကြောင်းနဲ့ ဆေးထိုးပေးတာခံရကြောင်း ပြောတယ်။သူ စစ်သားပါလို့လည်း ဝန်ခံတယ်၊ ဒုတပ်ကြပ်လို့လည်း ပြောတယ်။ နေပြည်တော်ကနေ ၇ ယောက် လွှတ်လိုက်တာဖြစ်ကြောင်း၊ မုံရွာမှာ ၂ ယောက်နေခဲ့တယ်၊ မြစ်ကမ်းပါးဘေးမှာ ၂ ယောက်ကျန်ခဲ့တယ်၊ ဒီဘက်ကိုတော့ သူအပါအဝင် ၃ ယောက်လာတယ်လို့ ပြောတယ်။”
နောက် ၂ ရက် ၃ ရက်လောက်နေရင် နေပြည်တော်က တပ်ရင်း ၆ ခုလောက်လာမှာဖြစ်ကြောင်းနဲ့ သူတို့က ဒီနယ်မြေကိုလာပြီး အရင်လေ့လာတာလို့လည်းဆိုပါတယ်။
ဖမ်းမိထားတဲ့သူဟာ ဒု တပ်ကြပ်အဆင့်ရှိ စည်သူငြိမ်း ဆိုသူဖြစ်ပြီး သူ့ရဲ့ လည်ပင်းမှာလည်း တုတ်ချောင်းတစ်ခုခုနဲ့ ရိုက်ခံထားရတဲ့ အရာ ၃ ကြောင်းတွေ့ရတယ်လို့လည်း ဆိုပါတယ်။
ဖမ်းမိထားတဲ့အဆိုပါ ဒုတပ်ကြပ်ကို ဘာမှမလုပ်သေးဘဲ ယာယီထိမ်းသိမ်းထားတယ်လို့ ဒေသခံ PDF အဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။