မန္တလေးတိုင်း၊ မတ္တရာမြို့မှာ ဩဂုတ်လ ၂၅ ရက် မနက် ၁၁ နာရီလောက်မှာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်း နေအိမ်ကို စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းရာမှာ မတွေ့တဲ့အတွက် ဖခင်ဖြစ်သူကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒေသခံတဦးက “စစ်အင်အား ၄၀ လောက်နဲ့ဝင်စီးတာ။ ကိုမင်းမင်းမတွေ့လို့ သူအဖေ ဦးကျော်ညွန့်ကို ဖမ်းသွားကြတယ်။ ကိုမင်းမင်းတို့က မနေတာကြာပြီ၊ သူ့အမေနဲ့အဖေပဲ နေ နေကြတာ။ လတ်တလော မတ္တရာရဲစခန်းကို ခေါ်သွားတယ်” လို့ ပြောပါတယ်။
ကိုယ်စားလှယ်နေအိမ်ကနေ အခြားပစ္စည်းတွေကို သိမ်းဆည်းတာတွေလည်း ရှိပြီး အသေးစိတ်စာရင်း အတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။
လတ်တလောကာလအတွင်း အာဏာသိမ်းစစ်ကောင်စီဟာ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ နေအိမ်တွေကို အဓိကပစ်မှတ်ထား ဝင်ရောက်စီးနင်းမှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။