မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်၊ ဥဒိန်ရွာကို စစ်ကောင်စီတပ်က ဒီဇင်ဘာ ၃၁ ရက် ဒီနေ့မနက် ၆ နာရီကျော်လောက်မှာ မီးရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဆိုပါစစ်ကြောင်းဟာ မတ္တရာမြို့ကနေ ထွက်လာတဲ့စစ်ကြောင်းဖြစ်တယ်လို့ ဥဒိန်ရွာသားတဦးက ပြောပါတယ်။
“အင်အား ၁၀၀ နဲ့ စစ်ကြောင်းထိုးလာတယ်။ သူတို့(စစ်ကောင်စီ)စစ်ကြောင်းလာတော့ ရွာသား တွေကတော့ အကုန် စစ်ကြောင်းရှောင်နေရတယ်ဗျ။ သူတို့ရွာထဲရောက်ခါနီး လက်နက်တွေနဲ့ ပစ်ဖောက်ပြီး ရွာထဲဝင်တယ်။ ကျနော်တို့ကတော့ ရွာနဲ့ဝေးရာကနေ တိမ်းရှောင်ရင်း ကြည့်နေရတယ်။ အဲလိုကြည့်နေရင်း မနက်ခင်း ၆ နာရီခွဲလာက်ကြတော့ ရွာထဲကနေ မီးခိုးလုံး တွေ ထွက်လာတယ်။ အိမ်ခြေဘယ်လောက်မီးလောင်မလဲဆိုတာကတော့ ရွာထဲကနေ စစ်သား တွေ မထွက်သေးတော့ ဘာမှမသိရသေးဘူး။”
စစ်ကောင်စီက ရွာကို မီးမရှို့ခင်မှာ ကာကွယ်ရေးတပ်က ထောင်ထားတဲ့ မိုင်းကွဲတာတွေလည်း ရှိခဲ့ပြီး ထိခိုက်သေဆုံးမှုအခြေအနေကို မသိရသေးကြောင်း၊ လက်ရှိမှာ နှစ်ဖက်စစ်ရေး တင်းမာနဆဲဖြစ်တယ်လို့ ဒေသခံကာကွယ်ရေးခေါင်းဆောင်တွေဆီက သိရပါတယ်။
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ကုန်းရွာကျေးရွာအုပ်စုက မီးဘေးသင့်အိမ်ခြေ ၃၉၀ အတွက် စောင်တွေ လှူဒါန်းပေးခဲ့တယ်လို့ အညာပစ်တိုင်းထောင်လေးများအဖွဲ့ဆီက သိရပါတယ်။
ဒီဇင်ဘာ ၃၀ ရက်မှာ သန့်ရှင်းသောရန်ကုန် (Clean Yangon) အဖွဲ့မှတစ်ဆင့် အညာပစ်တိုင်းထောင်လေးများအဖွဲ့နဲ့ ပူးပေါင်းလှူဒါန်းခဲ့ကြတယ်လို့ ဆိုပါတယ်။
အညာပစ်တိုင်းထောင်လေးများအဖွဲ့ တာဝန်ရှိသူက “Clean Yangon နဲ့က ကမ်ပိန်းလုပ်ရင်းသိကြတာပါ။ ကျနော်တို့လှူတဲ့ ဆီမှာလည်း ပါဝင်ပေးချင်တယ်ဆိုတော့ လှူဒါန်းပေးဖြစ်ခဲ့တာပါ။ ယင်းမာပင်က ဒီနှစ်တော့ အအေးပိုတဲ့နှစ်လို့ ပြောရမယ်၊ ရာသီဥတုက အတော်လေးအေးတယ်” လို့ ပြောပါတယ်။
လှူဒါန်းမှုအတွက် စောင်တထည်ကို ငွေကျပ် ၈,၀၀၀ နှုန်းနဲ့ အိမ်ထောင်စု ၃၉၀ အတွက် ၃,၁၂၀,၀၀၀ ကျပ် ကုန်ကျခဲ့တယ်လို့ သိရပါတယ်။
ယင်းမာပင်မြို့နယ်မှာ မီးရှို့ခံအိမ်ခြေ ၂၀၀၀ လောက်ရှိပြီး ဒေသခံတွေဟာ မီးလောင်ပြင်မှာပဲ ယာယီတဲတွေ ပြန်လည်တည်ဆောက်ပြီး နေထိုင်နေကြရတာပါ။
ယင်းမာပင်ဒေသခံအများစုဟာ စိုက်ပျိုးရေး အဓိကလုပ်ကိုင်ကြတယ့်အတွက် စားရေးသောက်ရေး အရမ်းမခက်ခဲပေမဲ့ မိုးရာသီမှာ ရေကြီးရေလျှံပြီး လမ်းတွေ ပျက်စီးခဲ့ရတဲ့အတွက် အခုဆောင်းရာသီရောက်တဲ့အထိ လမ်းပန်းဆက်သွယ်ရေးအဆင်မပြေဘဲ အသွားအလာ ခက်ခဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။