မြန်မာနိုင်ငံမှာ အဓိက စိန်ခေါ်မှုအဖြစ် စီးပွားရေးပြဿနာ၊ အကျပ်အတည်းဖြစ်နိုင်တဲ့အတွက် ပညာရှင်တွေ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ ကြိုတင်စဉ်းစားသင့်တယ်လို့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်က ဒီဗွီဘီကို ပြောပါတယ်။
မြန်မာနိုင်ငံမှာ လတ်တလောဖြစ်ပေါ်နေတဲ့ နိုင်ငံတဝန်း စစ်ရေးပြဿနာတွေက စီးပွားရေးကျဆင်းမှုဆီ ဦးတည်နေပြီး ၂၀၂၄ မှာ လူထုရဲ့ စားဝတ်နေရေးကျပ်တည်းမှုတွေ ပိုဆိုးရွားလာမယ့် အခြေအနေ ဖြစ်ပေါ်နေတာပါ။
SNLD ဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်က “နေရာဒေသ လွှမ်းမိုးမှုအတွက် အားပြိုင်မှုတွေ နိုင်ငံရေးအရ အသာစီးရအောင် ပြိုင်ဆိုင်ရတာတွေ။ စီးပွားရေးအရ နေရာဝင်ဦးတာတွေကြောင့် ကျနော်တို့ နိုင်ငံမှာ ပဋိပက္ခတွေက ဆက်ဖြစ်နေဦးမယ်လို့ ရိုးသားစွာ မြင်မိပါတယ်။ အထူးသဖြင့် နိုင်ငံရေးပဋိပက္ခတွေရဲ့ အကျိုးဆက်ဖြစ်တဲ့ စီးပွားရေးကျဆင်းမှုကြီးက လူထုကြီးကို ပိုပြီးတော့ ဒုက္ခပေးလာနိုင်တယ်လို့ မြင်မိပါတယ်။ စီးပွာရေးအကျပ်အတည်းက ရှောင်လွှဲလို့မရနိုင်ဘူးလို့ မြင်မိပါတယ်။ ဒါကို ကြိုတင်ပြီးကာကွယ်ဖို့ နည်းလမ်းတွေ ပညာရှင်တွေအနေနဲ့ပေါ့လေ။ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကနေ စဉ်းစားသင့်တယ်လို့ မြင်မိပါတယ်။ ကျနော်တော့ အတော့်ကိုစိတ် ပူပန်မိပါတယ်။ စိန်ခေါ်မှုကတော့ အဓိက စီးပွားရေးပြဿနာ စီးပွားရေး အကျပ်အတည်းဖြစ်လိမ့်မယ်လို့ ထင်မြင်မိပါတယ်”လို့ သုံးသပ်ပါတယ်။
မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေ၊ ကုန်သွယ်မှုနဲ့ ကုန်စည်စီးဆင်းမှု အဟန့်အတားတွေ၊ ကျင်ငွေတန်ဖိုး မတည်ငြိမ်မှုနဲ့ ငွေကြေးဖောင်းပွမှု အခြေအနေမျိုးစုံရဲ့ ရိုက်ခတ်မှုကြောင့် စီးပွားရေးလုပ်ငန်းတွေနဲ့ အိမ်ထောင်စုတွေအပေါ် အနုတ်လက္ခဏာဆောင်တဲ့ သက်ရောက်မှုတွေ ရှိနေပြီး မတ်လ ၂၀၂၄ ခုနှစ်အထိ တနှစ်အတွင်း မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဟာ ၁ ရာခိုင်နှုန်းပဲ ရှိမယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပါတယ်။
ပဋိပက္ခများ ဖြစ်ပွားမှု အရှိန်အဟုန် ဆက်ပြီး မြင့်တက်လာခြင်း မရှိဘူးဆိုရင်တောင် လာမယ့် ၂ဝ၂၄ ခုနှစ်အတွင်း စီးပွားရေး တိုးတက်မှုနှုန်းဟာ ဆက်ပြီး နှေးကွေးနေဦးမှာဖြစ်တဲ့အပြင် ၂၀၂၅ ခုနှစ်မှာ စိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်ရေးနဲ့ ကုန်သွယ်မှုကဏ္ဍ အပါအဝင် ကုန်ထုတ်ကဏ္ဍတွေမှာ နှေးကွေးကြန့်ကြာမှုတွေ ဆက်လက်ကျယ်ပြန့်လာနိုင်တယ်လို့လည်း ကမ္ဘာ့ဘဏ်က ဆိုပါတယ်။
စစ်ရေးနဲ့ ပတ်သက်ပြီးတော့လည်း မြန်မာနိုင်ငံမှာ ၂၀၂၃ ခုနှစ်အတွင်း ၁၀၂၇ စစ်ဆင်ရေး အောင်မြင်မှုနဲ့အတူ အပြောင်းအလဲတွေ ဖြစ်ပေါ်ခဲ့သလို စိန်ခေါ်မှုတွေကလည်း ရှိနေဆဲ ဖြစ်ပါတယ်။
မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်လို့တော့ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်မှာပါတဲ့ ကဏ္ဍကြီး ၅ ရပ်နဲ့အညီ ပါတီနိုင်ငံရေးနဲ့ ရွေးကောက်ပွဲလမ်းကြောင်း ဦးတည်ချက်ဟာ လတ်တလော အခြေအနေအရ ဖြစ်ပေါ်လာဖို့ ခက်ခဲနေဦးမယ်လို့ ဦးစိုင်းညွန့်လွင်က သုံးသပ်ပါတယ်။
နိုင်ငံရေးဦးဆောင်အစုအဖွဲ့တွေကြားမှာ သဘောထားပြောင်းလဲမှုမရှိရင် အချင်းချင်းကြားထဲမှာ အငြင်းပွားမှု ပဋိပက္ခတွေက ရှိနေဦးမယ်လို့ ဆိုပါတယ်။
ဦးစိုင်းညွန့်လွင်က “ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်မှာပါတဲ့ ကဏ္ဍကြီး ၅ ရပ်နဲ့ ပတ်သက်ရင် အဲဒီ ကဏ္ဍကြီး ၅ ရပ်ဆိုတာက ကျနော်တို့ မူလရည်မှန်းချက် ပန်းတိုင်တွေသာ ဖြစ်ပါတယ်။ လက်ရှိ အခြေအနေတွေနဲ့ တိုက်ဆိုင်ကြည့်လိုက်ရင်တော့ အတော်ကြီးကိုဝေးနေသေးတယ်လို့ မြင်ရမှာ ဖြစ်ပါတယ်။ သို့သော်လည်းပဲ ကိုယ်နိုင်ငံရေးအမြင် ပန်းတိုင်ဖြစ်တာမို့ အဲဒီကဏ္ဍတွေ ပေါ်ပေါက်လာအောင်လို့ အားလုံး ဝိုင်းဝန်းကြိုးပမ်းရမှာ ဖြစ်ပါတယ်။ ၂၀၂၀ တုန်းက ရွေးကောက်ပွဲမှာ ရွေးကောက်ခံထားရထားတဲ့ လူတွေအနေနဲ့လည်း ငါတို့သာလျှင် တိုင်းပြည်ကို ပြန်လည်ဦးဆောင်ရမယ်ဆိုတဲ့ အဲဒီသဘောထားတွေနဲ့သာလျှင် ဆက်သွားမယ်ဆိုရင်တော့ ကိုယ့်အချင်းချင်းကြားထဲမှာ အငြင်းပွားမှု ပဋိပက္ခတွေက ခက်ခဲပါလိမ့်မယ်။ အဓိက ကိုယ်လိုချင်တာ ရဖို့ဆိုရင် ကိုယ့်ဆီက စွန့်လွှတ်သင့်တာ လက်လွှတ်သင့်တာ လက်လွှတ်ဖို့ ဝန်မလေးသင့်ဘူးလို့ ကျနော်တော့ တိုက်တွန်းချင်ပါတယ်။”
စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ၃ နှစ်နီးပါးကြာမြင့်လာချိန်မှာ အရင်တုန်းက စစ်ကောင်စီက ကြေညာထားသလို ရွေးကောက်ပွဲလမ်းကြောင်းဟာလည်း ဖြစ်မလာခဲ့ပါဘူး။ စစ်ရေးပြဿနာတွေ တနေ့ တခြား များလာပြီး သန်းနဲ့ချီတဲ့ပြည်သူတွေဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေရကာ အသက်အိုးအိမ်တွေဆုံးရှုံးခဲ့တာပါ။
စစ်ရေးချိန်ခွင်လျှာအပြောင်းအလဲဖြစ်ပြီးနောက်ပိုင်းမှာ နိုင်ငံရေးအစုအဖွဲ့တွေအကြား စုပေါင်း ခေါင်းဆောင်မှုနဲ့ တန်းတူရေးကို မဖော်ဆောင်နိုင်ဘူးဆိုရင် အချင်းချင်းကြားထဲမှာ ပဋိပက္ခတွေနဲ့ မကျေလည်မှုတွေသာ ပိုများလာမယ်လို့ စစ်ကိုင်းဒေသခံ နိုင်ငံရေးသမားတယောက်က သုံးသပ်ပါတယ်။
စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်မှ ဦးစိုးဝင်းဆွေက “ကျနော်တို့အချင်းချင်းကြားထဲမှာ နိုင်ငံရေးအရ စကားပြောကြဆိုကြတဲ့ Space တွေပိုပြီးတော့ လိုအပ်လာမယ်လို့ ထင်ပါတယ်ဗျ။ အားလုံးကို လွှမ်းခြုံနိုင်မယ့် နိုင်ငံရေးသဘောတူညီမှုတွေက လောလောဆယ်မှာ ထင်ထင်ရှားရှား ပေါ်ပေါက်နေခြင်း မရှိသေးပါဘူး။ ဒါသည်ကိုက တော်လှန်ရေးရဲ့ အရေးကြီးတဲ့ လိုအပ်ချက်လို့ ပြောနိုင်မယ် ထင်ပါတယ်။ စုပေါင်းခေါင်းဆောင်မှုနဲ့ တန်းတူရေးကို အခြေခံတဲ့ နိုင်ငံရေးစုဖွဲ့မှု ပြင်ဆင်မှုတွေသာလျှင် ပိုပြီးတော့ ရေရှည်ခံမယ့် စုဖွဲ့မှုတွေဖြစ်လာလိမ့်မယ်လို့ ထင်ပါတယ်။ တစုတဖွဲ့ အသာရရေးကို ဗဟိုပြုပြီး ခြေကုပ်ယူပြီးလုပ်တဲ့ကိစ္စတွေကတော့ ပဋိပက္ခတွေသာလျှင် ပိုမိုဖန်တီးသလို ဖြစ်လာမယ်လို့ သုံးသပ်မိပါတယ်”လို့ ပြောပါတယ်။
၂၀၂၃ ခုနှစ်အတွင်းမှာ စစ်ရေးအပြောင်းအလဲဖြစ်လာတာနဲ့အတူ စစ်ကိုင်း၊ မကွေးနဲ့ တနင်္သာရီတိုင်းတို့မှာ လွှတ်တော်ခေါ်ယူပြီး ဖက်ဒရယ်ယူနစ် ကြားကာလအစီအမံ ကြိုတင်ပြင်ဆင်မှုဆိုင်ရာ ဥပဒေကို အတည်ပြုခဲ့တာ၊ စစ်ကိုင်းဖိုရမ်ကျင်းပတာ၊ ချင်းပြည်နယ်မှာ ပထမအကြိမ် ချင်းပြည်ကောင်စီ ညီလာခံကျင်းပတာ၊ ကရင်နီပြည်နယ်မှာလည်း အလားတူ ဆောင်ရွက်တာတွေ ရှိခဲ့ပါတယ်။
၂၀၂၁ မတ်လ ၃၁ ရက်နေ့မှာ အတည်ပြုခဲ့တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်နဲ့အညီ ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံပေါ်ပေါက်ရေးအတွက် စဉ်းစားမှုတွေလည်း ရှိလာပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလကတော့ လာမယ့် ၂၀၂၄ ခုနှစ်ကတော့ စိန်ခေါ်မှုအသစ် အများအပြားနဲ့ ထပ်မံကြုံတွေ့နိုင်တာတွေ ရှိနိုင်သလို စစ်ရေး၊ နိုင်ငံရေး အလှည့်အပြောင်းတွေလည်း ထပ်ဖြစ်မယ့် နှစ်တနှစ် ဖြစ်လာလိမ့်မယ်ဆိုတာ သတိထားစေချင်တယ်လို့ ပြောကြားထားပါတယ်။
သုတချမ်းသာ