တောင်တွင်းကြီးမြို့နယ်၊ ကုလားမကျေးရွာ၊ သစ်စက်ရပ်ကွက်မှာ နေထိုင်တဲ့ ပြည်ခိုင်ဖြိုးပါတီဝင် ဦးဖုန်းမြတ်မင်း (ခေါ်) ကိုဖုန်းကို သြဂုတ် ၂၃ ရက်နေ့မှာ စစ်ကောင်စီတပ်တွေက ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
မိသားစုနဲ့ နီးစပ်သူတဦးက “ဖမ်းသွားတာ ၂ ရက်လောက်ရှိပြီ။ ရွာကနေ မြို့ပေါ်ကိုစျေးဝယ်သွားတာ။ ကားကိုလမ်းဘေးမှာ ရပ်ထားတဲ့အချိန် လူကိုရိုက်နှက်ပြီး ကားကိုပါ မောင်းယူသွားကြတာ။ ဘာကြောင့်ရယ်တော့မသိရဘူး။ ဘယ်မှာ ဖမ်းထားသလဲတိုတာလည်း စုံစမ်းလို့မရဘူး။ ရဲစခန်းထဲမှာလည်း ကားမတွေ့လို့ စိတ်ပူတာပေါ့” လို့ ပြောပါတယ်။
ဦးဖုန်းမြတ်မင်းဟာ ပြည်ခိုင်ဖြိုးပါတီဝင်တဦးဖြစ်ပြီး လိုက်ထရပ်မော်တော်ယာဉ်နဲ့ ကုလားမကျေးရွာကနေ တောင်တွင်းကြီးမြို့ပေါ်ကို ယာဉ်ပြေးဆွဲပေးနေသူဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
တောင်တွင်းကြီးမြို့မှာ သြဂုတ်လ ၂၄ ရက်နေ့ညနေကလည်း ကန်တော်ကြီးဘောင်ပေါ်မှာ အပန်းဖြေနေသူတွေရဲ့ ဆိုင်ကယ် ၄ စီးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သိမ်းဆည်းသွားတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါသေးတယ်။