တောင်တွင်းကြီးမြို့မှာ အာဏာသိမ်းစစ်ကောင်စီကခန့်တဲ့ မောင်းတိုင် ၂ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဌေးငွေဟာ သြဂုတ်လ ၂၃ ရက်နေ့က နုတ်ထွက်လိုက်တယ်လို့ သိရပါတယ်။
ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေနဲ့နီးစပ်သူတဦးက ''စစ်ကောင်စီတပ်တွေက ကျနော်တို့ရဲ့လုံခြုံရေးကို ကောင်းကောင်းမပေးနိုင်တော့ဘူး။ အခြေအနေကြည့်ပြီး နောက်ထပ်လည်း ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေနဲ့ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ ရာအိမ်မှူးတွေထဲကလည်း နုတ်ထွက်ကြမယ့်သူတွေရှိနေတယ်'' လို့ ပြောပါတယ်။
သြဂုတ်လ ၅ ရက်နေ့က တောင်တွင်းကြီးမြို့၊ နတ်မောက်လမ်းပေါ်မှာရှိတဲ့ မောင်းတိုင် ၂ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဌေးငွေ ရဲ့နေအိမ်ကို ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေး တပ်မတော်က ဗုံးဖောက်ခွဲသတိပေးခဲ့ပြီးတဲ့နောက်မှာ အခုလို နုတ်ထွက်တာလို့ သိရပါတယ်။
ဗိဿနိုးနယ်မြေပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ ပြန်ကြားရေးတာဝန်ခံက ''ဒီကောင်တွေ ကို စောင့်ကြည့်ဦးမှာ၊ နုတ်ထွက်တယ်ဆိုတိုင်းလည်း ဒီတိုင်းလွှတ်မထားဘူး။ တောင်တွင်းကြီး မြို့နယ်က ရပ်ကွက် ၁၀ ခုနဲ့ ကျေးရွာအုပ်စု ၇၂ အုပ်စုက စစ်ကောင်စီရဲ့ အောက်ခြေ ထောက်တိုင်ဖြစ်တဲ့ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေနဲ့ ပြည်သူ့လောက်ကောင် ဒလန်တွေကို ဆက်လက်နှိမ်နင်းရှင်းလင်းသွားမယ်” လို့ ပြောပါတယ်။
တောင်တွင်းကြီးမြို့က ရွှေအိုး ၁ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအတွင်းမှာလည်း ပြီးခဲ့တဲ့ သြဂုတ်လ ၂၁ ရက်နေ့က ရာအိမ်မှူး ဦးဇော်လတ်ဟာ သေနတ်နဲ့ပစ်သတ်ခံရပြီး နေရာမှာတင် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။