စစ်ကောင်စီရဲ့ ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နေပြည်တော်မြို့တော်ဝန် ဒေါက်တာ မျိုးအောင်တို့ သုံးဦးနဲ့ သူတို့ရဲ့ ရှေ့နေတွေ အမှုတွေအတွက် ဆွေးနွေးတိုင်ပင်စရာတွေရှိတဲ့အတွက် တွေ့ဆုံခွင့်ရဖို့ တောင်းဆိုသွားမယ်လို့ ရှေ့နေထံက သိရပါတယ်။
ကိုဗစ်-၁၉ ကြောင့် ရုံးပိတ်ရက်တွေ ခဏခဏဆက်တိုးနေပြီး တရားရုံးထုတ်တွေမရှိတဲ့အတွက် နိုင်ငံ့ခေါင်းဆောင်တွေနဲ့ ရှေ့နေတွေ တွေ့ခွင့် မရတာ သီတင်း ၆ ပတ်လောက်ရှိပြီလို့ ဆိုပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်နဲ့ရော ဦးဝင်းမြင့်နဲ့ရော နောက် ဒေါက်တာမျိုးအောင်တို့နဲ့ တွေ့ခွင့်ရဖို့ လျှောက်ဖို့ စီစဉ်နေပါတယ်။ ဘာကြောင့်လည်းဆို သူတို့နဲ့ မတွေ့ရတာက သီတင်းပတ် ၆ ပတ်လောက်ရှိပြီဗျ။ စစ်ဆေးဆဲ အမှုတွေနဲ့ပတ်သက်လို့ တိုင်ပင်စရာလေးတွေလည်းရှိတယ် လို့ ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။
ဒါအပြင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ကို မြေကွက်ကိစ္စနဲ့ပတ်သက်ပြီး တိုင်ကြားထားတယ်လို့လည်း သိရပါတယ်။
“အဲဒါအပြင် နောက်အမှုတွေ တက်လာတာရှိတယ်ဗျ၊ မန္တလေးမှာ လေးမှု၊ နောက်တမြန်နေ့က သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မြေကွက်ကိစ္စနဲ့ပတ်သက်ပြီးတော့ အဂတိကနေ ရဲကို တိုင်လိုက်ပြီ။ အဲဒီအမှုတွေနဲ့ ပတ်သက်လို့ ရှေ့နေကိုယ်စားလှယ်စာတွေ ယူရမယ်။ နောက် အဲဒီအမှုတွေနဲ့ ပတ်သက်လို့ သူတို့ ဘာသိထားသလဲ၊ သူတို့ကိုရော စစ်သလား မေးဖို့အတွက် အမှုသည်နဲ့ ရှေ့နေတွေတွေ့ဆုံခွင့် လိုအပ်တယ်လို့ ထင်ပါတယ်။ အဲဒါကြောင့်မို့လို့ တွေ့ခွင့်တောင်းပါမယ် ” လို့ ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။
ရုံးချိန်းကိုတော့ စက်တင်ဘာ ၆ ရက်နဲ့ ၇ ရက်နေ့ကို ထပ်မံရွှေ့ဆိုင်း ချိန်းဆိုလိုက်တယ်လို့ ပြောပါတယ်။