စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် ကံထူးမ -ကျေးကန် ရွာချင်းဆက်လမ်းပေါ်မှာ ဩဂုတ်လ ၂၀ ရက် မနက်ပိုင်းက လူငယ်တစ်ဦး လည်ပင်းပြတ်ရှဒဏ်ရာနဲ့ သေဆုံးနေတယ်လို့ ဒေသခံတွေဆီ က သိရပါတယ်။
သေဆုံးသူဟာ ကံထူးမရွာက အသက် ၂၇ နှစ်အရွယ် ကိုဇင်ဝိုင်း လို့သိရပြီး နိုင်ငံရေးနဲ့ ကိုယ်ရေးကိစ္စရောချပြီး ညပိုင်းက အသတ်ခံရတာဖြစ်နိုင်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“ဒီကလေးက ကျနော်တို့နဲ့ စားဖော်သောက်ဖက်ပါဗျာ၊ အရက်နည်းနည်းသောက်တာက လွဲပြီး နိုင်ငံရေးဘာညာ သိပ်လည်းလုပ်တာ မဟုတ်ဘူး။ အခုကိစ္စက နိုင်ငံရေးနဲ့ Personal ရောချပြီး သတ်သွားတာပဲ ဖြစ်နိုင်တယ်။”
တန့်ဆည်မြို့နယ်အတွင်းမှာ လက်သည်တရားခံမပေါ်တဲ့ ဦးခေါင်းဖြတ် သတ်ဖြတ်မှုအချို့ ရှိခဲ့ပြီး ဒလန်ရှင်းလင်းတယ်ဆိုရင်လည်း TPC တို့ တန့်ဆည် CDM support Team တို့က အတိအလင်း ထုတ်ပြန်လေ့ရှိတယ်လို့ ဒေသခံတွေက သုံးသပ်ပါတယ်။