စစ်ကိုင်းတိုင်း၊ ရေဦးမြို့မှာ ဩဂုတ်လ ၁၈ ရက်နေ့လယ်ပိုင်းက NLD လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွေးရဲ့နေအိမ်ကို စစ်တပ်က အင်အားအလုံးအရင်းနဲ့ စီးနင်းဝင်ရောက်ရှာဖွေတာတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
နီးစပ်သူတစ်ဦးက “ကျနော်တို့ရေဦးက တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွေးအိမ်ကို ရိုက်ဖျက်ပြီး ဝင်ရှာနေကြတယ်ဗျ။ စစ်သားအင်အား ၃၀ လောက်ရှိမယ်၊ စစ်ကားနှစ်စီးနဲ့။ သူတို့အိမ်ကတော့ အရင်ကတည်းက လူတစ်ယောက်မှမရှိကြပါဘူး။ ဘာတွေရှာနေကြတယ်တော့မသိရဘူး၊ ရှာဖွေတာတော့ ၂ နာရီလောက်ကြာတယ်။ ဘာတွေယူသွားတယ်ဆိုတာတော့ ကျနော်တို့လည်း ထွက်မကြည့်ရဲတော့ မသိရဘူး” လို့ ပြောပါတယ်။
တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွေးရဲ့နေအိမ်ကို အရင်ကလည်း အခုလို ဖျက်ဆီးဝင်ရောက်ရှာဖွေတာတွေပြုလုပ်ခဲ့ဖူးပြီး အခုရှာဖွေတာဟာ ဒုတိယအကြိမ်ဖြစ်တယ်လို့ ဆိုပါတယ်။
ရေးဦးမြို့က တိုင်းကြီးဒေသကြီးလွတ်တော်ကိုယ်စားလှယ် ဦးသန်းညွန့်ဝင်း (စစ်ကိုင်းတိုင်း လျှပ်စစ်နဲ့လမ်းပန်းဆက်သွယ်ရေးဝန်ကြီး) ကိုလည်း အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်က ဖမ်းဆီးထားတယ်လို့ သိရပါတယ်။