စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ပြည်ထောင်စုလမ်းဘေး ဒေါနခြံရပ်ကွက် ရေစင်ကြီးအနီးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရုံးကို စက်တင်ဘာ ၂၈ ရက် ည ၁၂ နာရီလောက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်စီးနင်းရှာဖွေခဲ့ပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အင်အားအလုံးအရင်းနဲ့ လာရောက်စီးနင်း ရှာဖွေကာ ပိတ်ထားတဲ့ ရုံးအတွင်း နေထိုင်သူ လင်မယားနှစ်ယောက်ကို ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ရုံးကတော့ ပိတ်ထားတာကြာပြီ။ ရုံးထဲမှာရှာဖွေပြီး ရုံးမှာနေတဲ့ လင်မယားနှစ်ယောက်ကို ခေါ်သွားတယ်။ ဘယ်ကို ဘယ်လိုခေါ်သွားလဲတော့မသိဘူး။ စစ်ကားအကြီး ၂ စီး၊ အသေး ၁ စီးနဲ့ လာတာ” ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ချောင်းဦးမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးကိုလည်း စက်တင်ဘာ ၂၈ ရက်နေ့က ဝင်ရောက်စီးနင်းရှာဖွေခဲ့ပါသေးတယ်။
စစ်ကိုင်းတိုင်းဒေသကြီးဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်ပြုတ်ကျရေးအတွက် နေ့စဉ် ဆန္ဒပြနေတဲ့ဒေသလည်း ဖြစ်ပါတယ်။
ဒလန် သုတ်သင်ရှင်းလင်းတာ၊ Mytel တာဝါတိုင် ဖောက်ခွဲ မီးရှို့ ဖျက်ဆီးတာတွေကြောင့် အန်အယ်လ်ဒီနဲ့ နီးစပ်သူတွေ အပါအဝင် လူငယ်တွေဟာ PDF လို့ စွပ်စွဲခံရပြီး ဖမ်းဆီးခံရတာတွေ ရှိနေပါတယ်။