စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂ ရက်က စစ်တပ်နဲ့ PDF တို့ တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း ဒေသခံပြည်သူအချို့ ပျောက်ဆုံးနေတာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ကျေးရွာတချို့က ပြည်သူတချို့ ပျောက်ဆုံးတဲ့သတင်းပို့ပေးကြတယ်။သူတို့က သာမန် အရပ်သားတွေ တချို့လည်း သွားရင်းလာရင်း၊ ပြေးရင်းလွှားရင်း ပျောက်သွားကြတာ။ အလောင်းလည်းမတွေ့ အဆက်အသွယ်လည်း မရဖြစ်နေတာ”လို့ PDFအဖွဲ့ဝင်တစ်ဦးက ပြောပါ တယ်။
စက်တင်ဘာ ၄ ရက် မနက်ပိုင်းက ဘောကုန်းကျေးရွာသားတွေဖြစ်တဲ့ ကိုအောင်ထိုက် ( ၃၂ ) နှစ်နဲ့ ကိုအောင်ဖြိုးဝေ ( ၁၄ ) နှစ်တို့ နှစ်ဦးဟာ ရွာနီးချင်း သရက်ကျင်းရွာကို ကြက်သားသွား ဝယ်ပြီးပြန်အလာ လမ်းမှာတင်ပျောက်ဆုံးခဲ့တာဖြစ်ပြီး တနယ်ကျေးရွာက CDM ကျောင်းဆရာ တယောက်လည်း ပျောက်ဆုံးနေတယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။
ဒါ့အပြင် မူးအုံးကျေးရွာက ကိုစိုးနိုင်ဆိုတဲ့ လူငယ်တစ်ဦးဟာလည်း ပျောက်ဆုံးပြီး အဆက်သွယ်မရ တာ ၆ လခန့်ရှိပြီဖြစ်သလို စိုင်ပြင်သုဿန်မှာလည်း အမည်မသိအလောင်း တစ်လောင်းတွေ့ရတယ်လို့ သိရပါတယ်။
ဒီပဲယင်းမြို့နယ် ကျေးရွာ ၃၀ လောက်မှာ အကြမ်းဖက်စစ်တပ်က စီးနင်းတာတွေကြောင့် ဒေသခံတွေဟာ နေအိမ်ကနေ လနဲ့ချီ ထွက်ပြေးတိမ်းရှောင်နေကြရပြီး အခုအခါ ကိုယ့်ရပ်ကိုယ့်ရွာပြန်ရောက်နေကြသလို အရပ်သားပြည်သူတချို့ပျောက်ဆုံးနေတာဖြစ်ပါတယ်။