စစ်ကိုင်းတိုင်း၊ ရေဦးမြို့က လွှတ်တော်ကိုယ်စားလှယ်နဲ့ လျှပ်စစ်ဦးစီးမှူးအပါအဝင် ၄ ဦးကို နိုဝင်ဘာ ၃၀ ရက် ညနေပိုင်းက ရေဦးမီးပွိုင့်အနီးမှာ ဗွီနိုင်းတွေထောင်ပြီး စစ်ကောင်စီက ဖမ်းဝရမ်းထုတ်ပြန်ကြေညာထားပါတယ်။
မြို့ခံတစ်ဦးက “ဦးမြင့်ထွေးကိုတော့ CRPH, NUG, PDF တွေကို ထောက်ပံ့ဦးဆောင်လို့တဲ့၊ လူငယ်တစ်ဦးကတော့ အလှူငွေကောက်ခံပြီး PDF တွေ ထောက်ပံ့လို့ လို့ပါတယ်။ စစ်ကောင်စီက မီတာခကောက်ခိုင်းတာ မကောက်လို့ ဆိုပြီး ၅၀၅-က နဲ့ တရားစွဲခံရတဲ့ လျှပ်စစ်ဦးစီးမှူးကိုတော့ အစိုးရ အတွင်းသတင်းတွေ အပြင်ပေးလို့ဆိုတာပါတယ်ဗျ။ တစ်ဦးကတော့ မကျီးတောဥက္ကဋ္ဌ သတ်ဖြတ်ရာ ပါဝင်လို့ဆိုပြီး ပါတယ်။ ရေဦးမြို့လယ်မီးပွိုင့်မှာ ဗွီနိုင်း ထောင်ထားတာ” လို့ ပြောပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွေး၊ ကိုပြည့်မှူးအောင်၊ ဦးဝင်းရွှေနဲ့ မြို့နယ်လျှပ်စစ်ဦးစီးမှူး ဦးထွန်းမြင့်မော်တို့ကို ရေဦးမြို့မရဲစခန်းက ဖမ်းဝရမ်းထုတ် ကြေညာထားတာပါ။