စစ်ကိုင်းတိုင်း၊ ကလေးခရိုင် မင်းကင်းမြို့၊ အမှတ် ၁ ရပ်ကွက်၊ ချင်းတွင်းမြစ်အမြန်ရေယာဉ် ဆိပ်ကမ်းမှာ ဩဂုတ် ၁၇ ရက်နေ့ မွန်းလွဲ ၂ နာရီဝန်းကျင်က အရက်သေစာသောက်စားထားတဲ့ စစ်သားနှစ်ယောက်က ပစ်ခတ်လို့ အပြစ်မဲ့ဒေသခံ ၂ ယောက်သေဆုံး၊ ၁ ယောက် ဒဏ်ရာရခဲ့ပါတယ်။
သေဆုံးသူနှစ်ယောက်ထဲက တစ်ယောက်က အမျိုးသားဖြစ်ပြီး တစ်ယောက်က အမျိုးသမီးဖြစ်ပါတယ်။
ခေါင်းကိုအပစ်ခံရပြီး သေဆုံးခဲ့တဲ့ ကိုဇော်မျိုးမြင့်ရဲ့ဇနီးကတော့ မတရားအနိုင်ကျင့်သတ်ဖြတ်ခံရတာနဲ့ပတ်သက်ပြီး ဘယ်ကိုတိုင်ကြားရမယ်ဆိုတာ မသိဘူးလို့ ဆိုပါတယ်။
သေဆုံးသူအမျိုးသမီးရဲ့ ရုပ်အလောင်းကို ပြန်ရပေမယ့် ကိုဇော်မျိုးမြင့်ရဲ့ ရုပ်အလောင်းကိုတော့ ညနေပိုင်းအထိ ပြန်မရသေးပါဘူး။
"ကျမအမျိုးသားက မင်းကင်းမှာ အီလက်ထရောနစ်ဆိုင်ဖွင့်တာလေ။ သူ့သူငယ်ချင်းအတွက် ပစ္စည်းပို့ပေးဖို့ ဆိပ်ကမ်းမှာ စောင့်နေတာ။ စစ်သားနှစ်ယောက်ရောက်လာပြီး Mask တပ်ဖို့ပြောတာတဲ့။ သူကွမ်းစားနေလို့ မတတ်သေးဘူးလို့ ပြောတာကို ထိုးကြိတ်တာတဲ့။ သေနတ်နဲ့ပစ်တာ ခေါင်းကိုမှန်သွားတာ။ ကျမအဲ့လိုမျိုး တစ်ခါမှမတွေးထားဖူးဘူး။ ကျမတို့မင်းကင်းမှာ အဲ့လို လူသတ်တာမျိုးမရှိဘူးရှင့်။ အခု သူအဲ့လိုဖြစ်သွားတော့ သားသမီးလေးတွေအတွက် ရင်နာတာ။ သားသမီးသုံးယောက်ရှိတာ အငယ်ဆုံးလေးက သုံးနှစ်သား မသန်စွမ်း အရိုးပျော့လေးပဲရှိတာ။ သူတို့အဖေကိုလည်း တအားချစ်တာ။ အခုသူတို့အဖေ ပြန်မလာတော့ဘူးဆိုတော့ ဝမ်းနည်းကြတာပေါ့။ ဈေးကလည်း ကိုဗစ်-၁၉ ကြောင့်အလုပ်တွေကမကောင်းဘူး။ သူ့လုပ်စာလေးနဲ့စားနေရတာ။ ဘာမှလည်း နားမလည်တော့ ဘာလုပ်ရမှန်းကို မသိတော့ပါဘူး။ ကျမယောကျ်ားသေသလို သတ်တဲ့သူကို သေစေချင်တာပဲ။ အပေါင်းအသင်း မင်တာကလွဲရင် သောက်စားမူးရူးနေတဲ့သူလည်း မဟုတ်ပါဘူး။ လူလည်းကြောက်တတ်တယ်။ အဲ့လိုလူကို သေနတ်ကြီးနဲ့ ခေါင်းကိုကွဲထွက်သွားအောင် ပစ်သတ်ခံလိုက်ရတယ်ဆိုတော့ ရင်နာရတာပေါ့ရှင်" လို့ ကွယ်လွန်သူ ကိုဇော်မျိုးမြင့်ရဲ့ ဇနီးက ပြောပါတယ်။
သေနတ်နဲ့ပစ်ခတ်ခံရသူသုံးဦးဟာ ချင်းတွင်းမြစ်အမြန်ရေယာဉ်ဆိပ်ကမ်းမှာ မုံရွာ- ကလေးဝ ရေယာဉ်နဲ့ကုန်ပို့ဖို့ စောင့်နေကြသူတွေဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကိုင်းတိုင်းက ပြည်သူတွေကို စစ်ကောင်စီက လက်နက်အင်အား လူအင်အားသုံးပြီး အနိုင်ကျင့် ခြယ်လှယ်နေတာဖြစ်ပါတယ်။