ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်အတွင်းရှိ ဆေးနဲ့ ဆေးပစ္စည်းအရောင်းဆိုင်တွေ စျေးကွက်အတွင်း ဆေးဝါးစျေးနှုန်း မြှင့်တင်ရောင်းချခြင်း မရှိစေဖို့ မြို့နယ်အဆင့် ဆေးဝါးနှင့်ဆေးပစ္စည်းများ စျေးကွက်စောင့်ကြပ် စစ်ဆေးကြပ်မတ်ရေးအဖွဲ့က ဆေးဆိုင် ၃၆ ဆိုင်ကို စစ်ဆေးခဲ့ပါတယ်။
ဆေးတွေ စျေးတင်ရောင်းချတာ၊ ဆေးနဲ့ ဆေးပစ္စည်းတွေ လိုအပ်တဲ့ပမာဏထက် ပိုမိုသိုလှောင်ထားတာ မရှိစေဖို့ ပုသိမ်မြို့က ဆေးဆိုင်တွေကို ဩဂုတ် ၁၂ ရက်မှ ၁၆ ရက်နေ့အထိ မြေပြင်ကွင်းဆင်း စစ်ဆေးတာတွေ လိုက်လံစစ်ဆေးခဲ့တာလို့ သိရပါတယ်။
ပုသိမ်မြို့ခံတစ်ဦးက“ ဆေးဆိုင်တွေ လိုက်စစ်တာ၊ စစ်တာပဲ ရှိတယ်။ ရည်ရွယ်ချက် ဘာလဲရှိဖို့ လိုတယ်။ သူတို့လုပ်လို့ ခက်ခဲသွားတာပဲ ရှိတယ်”လို့ ပြောပါတယ်။
ဆေးဆိုင်တွေအနေနဲ့ အများပြည်သူအတွက် လိုအပ်တဲ့ ဆေးဝါးတွေ နေ့စဉ် ဖွင့်လှစ်ရောင်းချပေးရေးနဲ့ စျေးနှုန်းမြှင့်တင် ရောင်းချတာတွေ မပြုလုပ်ဖို့ သတိပေးခဲ့တယ်လို့ သိရပါတယ်။
ပြည်သူတွေအနေနဲ့ ဆေးဝယ်ယူရာမှာ အဆင်မပြေမှုတွေ ကြုံတွေ့ရပါက အုပ်ချုပ်ရေး အဖွဲ့အစည်းတွေကတဆင့် ဆက်သွယ်တိုင်ကြား သတင်းပေးနိုင်တယ်လို့ သိရပါတယ်။