အလံဖြူထောင်ကာ အစားသောက်အကူတောင်းခံတဲ့ အိမ်တွေကို ခြိမ်းခြောက်ခဲ့တဲ့ မင်္ဂလာဒုံမြို့နယ် ဆယ်အိမ်မှူးတစ်ဦး သြဂုတ် ၁၄ ရက်နေ့လယ် ၂ နာရီလောက်က သေနတ်နဲ့ ပစ်ခတ်ခံလိုက်ရတယ်လို့ ဒေသခံတွေကပြောပါတယ်။
မင်္ဂလာဒုံမြို့နယ်၊ ကြံခင်းစုရပ်ကွက်မှ ရာအိမ်မှူးဆိုသူကို နေ့လယ် ၁ နာရီလောက်က ရပ်ကွက်ရုံးမှအထွက် အမည်မသိသူတွေက သေနတ်နဲ့ ခြောက်ချက်ပစ်သွားခဲ့တာဖြစ်ပြီး မျက်နှာကျည်ထိဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ကြံခင်းစုရပ်ကွက်အနီး နေထိုင်သူတစ်ဦးက “ဖြစ်စဉ်ကတော့ဟုတ်တယ်။ နေ့လယ်ပိုင်း အဲဒီရပ်ကွက်ဘက်ကို စစ်ကားတွေရော၊ ရဲကားတွေပါ တက်သွားတာ တွေ့ရတယ်။ အပစ်ခံရတဲ့သူ သေမသေတော့ မသိရသေးဘူး” လို့ ကြံခင်းစုရပ်ကွက်အနီး နေထိုင်သူတစ်ဦးက ပြောပါတယ်။
မင်္ဂလာဒုံမြို့နယ်တွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့် ဆယ်အိမ်မှူး၊ ရာအိမ်မှူးများအနေနဲ့ ပြည်သူကို ဖိနှိပ်ခြင်း စစ်ကောင်စီထံသတင်းပေးပို့ ဒလန်ပြုလုပ်ခြင်းတို့ကိုရှောင်ရှားဖို့ မြို့နယ်အတွင်း တော်လှန်ရေးအဖွဲ့တွေက သတိပေးထားတာတွေ ရှိပါတယ်။
အခုပစ်ခတ်မူဖြစ်စဉ်မှာ ဘယ်သူ့လက်ချက်ဆိုတာကို မသိရသေးဘူးလို့ မင်္ဂလာဒုံအမျိုးသားအစည်းအရုံး MNU ကသြဂုတ် ၁၄ ရက်မှာထုတ်ပြန်ခဲ့ပါတယ်။
မင်္ဂလာဒုံမြို့နယ်မှာ စစ်တပ်နယ်မြေအများစု ဝန်းရံနေပြီး ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ည ၁၀ နာရီအကျော်မှာ သေနတ်ပစ်ဖောက်သံတွေ ၃ ရက်လောက် နေ့စဉ် ထွက်ပေါ်ခဲ့ပါတယ်။
အဲဒီသေနတ်ပစ်ဖောက်တာတွေက စစ်ကောင်စီတပ်တွေက ပြည်သူကို ကြောက်ရွံ့အောင် သတ်သတ်မဲ့ ခြိမ်းခြောက်ပစ်တာလို့လည်း ဒေသခံတွေကပြောဆိုနေပါတယ်။