Home
မြန်မာသတင်း
မိုးကုတ်တွင် မိုးရွာသွန်းမှုကြောင့် ကားလမ်း ပေ ၁၀၀ ကျော် ပြိုကျပျက်စီး
DVB
·
August 14, 2021
Mogoke Road heavy rain

မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ မိုးဆက်တိုက်ရွာသွန်းတာကြောင့် သြဂုတ်လ ၁၃ ရက် မနက် ၂ နာရီဝန်းကျင်က ဘော်ဗဒန်းရွာရှိ ကားလမ်းမကြီးအရှည် ပေ ၁၀၀ ကျော်လောက် ပြိုကျပျက်စီးသွားလို့  သြဂုတ်လ ၁၄ ရက်နေ့မှာစတင် ပြုပြင်နေရတယ်လို့ ဘော်ဗဒန်းရွာ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ 

မိုးရွာသွန်းတာကြောင့် ရေတိုက်စားပြီး လမ်းကနေ ချောင်းဖြစ်သွားတယ်လို့ ဘော်ဗဒန်းရွာရဲ့ အုပ်ချုပ်ရေးမှူးကပြောပါတယ်။

“မနက် ၂ နာရီလောက်ပဲ၊ ရေများတော့ ချောင်းကို ခဲပိတ်ပြီး လမ်းကိုတိုက်စားသွားတယ်။ လမ်းကချောင်းဖြစ်သွားပြီ၊ ပြိုကျတာက ပေ ၁၀၀ ကျော်ပေါ့။ မ​ပြိုကျဘဲ လမ်းပျက်စီးတာက ပေ ၃၀၀ လောက်ရှိတယ်။”

လမ်းမကြီးဘေးက ချောင်းမှာ တောင်ကျရေများပြီး လမ်းကိုတိုက်စားပျက်စီးသွားတာဖြစ်လို့ လမ်းမီးတိုင်တွေပါ ပျက်စီးသွားတယ်လို့ သိရပါတယ်။

လမ်းပြိုကျ ပျက်စီးတဲ့အကြောင်းကို လမ်းဦးစီးဌာနထံ အကြောင်းကြားထားပြီး လမ်းပြုပြင်ဖို့ ဘတ်ဂျက်ချပေးမှာဖြစ်ကာ ကတ္တရာပြန်ခင်းဖို့တော့အချိန်စောင့်ရမယ်လို့ သိရပါတယ်။ 

ပျက်စီးသွားတဲ့လမ်းမကြီးက မိုးကုတ်မြို့အရှေ့ပိုင်းနဲ့ အနောက်ပိုင်းကို ဆက်သွယ်ထားတဲ့ အဓိက လမ်းမကြီးတစ်ခုဖြစ်သလို သဖန်းပင်ရွာ၊ မြေမဲရွာ၊ ကိုးလံရွာ၊  ဘော်ဗဒန်းရွာနဲ့ မြို့ထဲကိုသွားနိုင်တဲ့ မိန်းလမ်းမကြီးဖြစ်တယ်လို့သိရပါတယ်။

လမ်းပြုပြင်ဖို့ ရွာသူရွာသားတွေလုပ်အားနဲ့ ဆောင်ရွက်နေကြပေမယ့် ရေစီးတာများတာကြောင့် လမ်းမြေဖို့နိုင်ဖို့ မလွယ်ကူသေးဘဲ  ရွာသူရွာသားတွေအနေနဲ့ မြို့ထဲသွားနိုင်ဖို့ ၄ မိုင်လောက်ပတ်ပြီး တခြားလမ်းကနေသွားနေရတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013