မိုးကုတ်မြို့မှာ CDMA ဖုန်းလိုင်းပဲ အသုံးပြုလို့ရတာကြောင့် ဆင်းမ်ကတ်တကတ်ကို နံပါတ်အပေါ်မူတည်ပြီး ကျပ် ၇ သိန်းအထိ ဈေးပေါက်နေတယ်လို့ သိရပါတယ်။
TNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေသိမ်းပိုက်ထားတဲ့ မိုးကုတ်မြို့မှာ CDMA ဆင်းမ်ကတ်ဈေးနှုန်းတွေ မြင့်တက်နေပြီး ရိုးရိုးနံပါတ်ကို ကျပ် ၇ သိန်း အထိ၊ နံပါတ်အလှဆိုရင် ဂဏန်းအလှအပေါ်မူတည်ပြီး ကျပ် ၁၀ သိန်းလောက်အထိ ပေါက်ဈေးရှိနေတယ်လို့ ဆင်းမ်ကတ်ရောင်းသူတွေနဲ့ မိုးကုတ်မြို့ခံတွေက ပြောပါတယ်။
ဆင်းမ်ကတ်ရောင်းသူတယောက်က “ရိုးရိုးနံပါတ် ၄၇ ဆိုရင် ၇ သိန်း၊ ၄၉ ရိုးရိုးနံပါတ်ဆိုရင် ၄ သိန်းခွဲပါ။ ဖုန်းကတော့ သပ်သပ်ဝယ်ရပါတယ်။ မိုးကုတ်ရဲ့ လက်ရှိပေါက်ဈေးပါ။ တချို့ ရောင်းသူတွေကတော့ ၄၇ ဆိုရင် ၈ သိန်းလောက်ကစပြီး နံပါတ်အလှဆိုရင် ၁၀ သိန်းလောက်အထိ ရောင်းကြပါတယ်” လို့ ပြောပါတယ်။
မိုးကုတ်မြို့ကို TNLA နဲ့ပူးပေါင်းတပ်ဖွဲ့တွေ စတင်တိုက်ခိုက်ခဲ့ချိန်ကနေ ဒီနေ့အထိ စစ်ကောင်စီက ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေကို ဖြတ်တောက်ခဲ့တာကြောင့် အဓိက အော်ပရေတာ ၄ ခုရဲ့ ဆင်းမ်ကတ်တွေ အသုံးပြုလို့မရတော့ဘဲ CDMA ဖုန်းလိုင်းတခုကိုပဲ အသုံးပြုနေကြရတာပါ။
ဒါကြောင့်လည်း တခြားဒေသက မိတ်ဆွေ၊ မိသားစုဝင်တွေနဲ့ အဆက်အသွယ်ရဖို့အတွက် မိုးကုတ်မြို့ခံတွေဟာ CDMA ဖုန်းဆင်းမ်ကတ်တွေကို ဝယ်ယူတာများလာတာနဲ့ ဆင်းမ်ကတ် ရှားပါးလာတာကြောင့် ဈေးနှုန်းတွေမြင့်လာရတာလို့ မိုးကုတ်မြို့ခံတွေက ပြောပါတယ်။
မိုးကုတ်မြို့ခံတယောက်က “မိုးကုတ်ကို စ တိုက်တုန်းက ဈေးကအဲဒီလောက် မရှိသေးဘူး။ ၃ သိန်း ဝန်းကျင်လောက်ပဲရှိသေးတယ်။ အခုက ဝယ်လိုအားများတာရယ်၊ ကတ်ရဖို့ ရှားလာတာကြောင့် ဈေးက တအားတက်လာတာ။ ဒါတောင် တောင်ပေါ်တက်ပြီးပြောမှ လိုင်းမိတာ” လို့ ပြောပါတယ်။
TNLA အနေနဲ့ မိုးကုတ်မြို့ရဲ့ ရုံးစိုက်ရာနေရာတွေမှာ အင်တာနက်ရရှိစေဖို့ စတားလင့်ခ်တွေကို တပ်ဆင်ပေးထားပြီး ဖုန်းလိုင်းတွေရရှိစေဖို့ ဆောင်ရွက်ပေးနေတယ်လို့ ပြောပါတယ်။