Home
မြန်မာသတင်း
ရန်ကုန်က ဆေးဂိုဒေါင် ၁၉ ခုကို ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးနေဟု စစ်ကောင်စီထုတ်ပြန်
DVB
·
August 13, 2021
223728796_849394629025042_6885475798879015231_n
232659779_849394535691718_3391052574728615545_n
232030561_849394599025045_8838319649242085070_n
229970895_849394482358390_2666410339646449070_n

ရန်ကုန်က ဆေးဂိုဒေါင် ၁၉ ခုကို ပူးပေါင်းအဖွဲ့နဲ့ စိစစ်နေတယ်လို့ အာဏာသိမ်စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

ဩဂုတ် ၁၁ ရက်နေ့က ဆေးဂိုဒေါင် ၂၄ ခုကို ဝင်ရောက်စစ်ဆေးပိတ်လိုက်ပြီးနောက် ၁၂ ရက်နေ့မှာလည်း ဆက်စစ်နေတယ်လို့ ဆိုပါတယ်။

နေ့စဉ်ရောင်းဝယ်တာတွေကို မထိခိုက်စေဖို့ ဆေးဝါးဖြန့်ချိရောင်းချနေတဲ့ဈေးတွေက လက်လီ လက်ကားဆိုင်တွေကို မစစ်ဘဲ သီးသန့်ဂိုဒေါင်တွေနဲ့ သိုလှောင်ထားတဲ့ ဂိုဒေါင်တွေကို စစ်ဆေးခဲ့တယ်လို့လည်း ထုတ်ပြန်ပါတယ်။

စစ်ဆေးခဲ့တဲ့ ဆေးဂိုဒေါင်တွေထဲမှာ ဈေးနှုန်းမြှင့်တင်ဖို့ ရည်ရွယ်ချက်နဲ့ ထိန်းချုပ်ရောင်းချတာ၊ ဝယ်ယူတင်သွင်းတဲ့ အထောက်အထားတွေမပြနိုင်တာ၊ သိုလှောင်ထားတဲ့ ပမာဏ များတာကြောင့် ဈေးကစားဖို့ ရည်ရွယ်ချက်နဲ့ သိုလှောင်ထားတာကိုတွေ့ရလို့ ဥပဒေအရ ထိထိရောက်ရောက် အရေးယူမယ်လို့လည်း ဆိုပါတယ်။

ပုံမှန်ရောင်းနေတဲ ဂိုဒေါင်တွေကိုတော့ ခံဝန်ထိုးခိုင်းမှာဖြစ်ပြီး ပုံမှန်ရောင်းချနေတဲ့ ကုမ္ပဏီတွေကို ဘာမှလုပ်မှာမဟုတ်ဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ဆေးနေတုန်းကာလမှာလည်း ဈေးကွက်ထဲကို ပို့ဆောင်ချင်ရင် ပစ္စည်းနဲ့ ဒေသကို မှတ်သားပြီး လွတ်လွတ်လပ်လပ် ပို့ဆောင်ခွင့်ပြုထားတယ်လို့လည်း ဆိုပါတယ်။

ဒီလို စစ်ဆေးလိုက်လို့ဈေးကွက်ထဲမှာ အများပြည်သူ အသုံးများတဲ့ ဆေးဝါးဈေးနှုန်းတွေ သိသိသာသာ ကျဆင်းသွားတယ်လို့လည်း ဆိုထားပါတယ်။

စစ်ဆေးရာမှာ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ သတင်းရဲတပ်ဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အစားအသောက်နဲ့ ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့ပါတဲ့ ပူးပေါင်းအဖွဲ့ဟာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ၊ ဆေးဂိုဒေါင်ပိုင်ရှင်နဲ့ ကိုယ်စားလှယ်တို့ရှေ့မှာ စစ်ဆေးတယ်လို့ ဆိုပါတယ်။

ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ဆေးဆိုင် ၇၉ ဆိုင်တို့ကိုလည်း ဆေးစျေးနှုန်း၊ ဆေးအမျိုးအစား၊ ဆေးအရည်အသွေး မှန်/ မမှန်နဲ့ ဥတ္တရသီရိမြို့နယ်အတွင်း ဆေးဆိုင်တွေကိုလည်း စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024