Home
မြန်မာသတင်း
ကလေးမြို့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၃ ဦးသေဆုံး၊ ကလေး PDF က ၁ ဦး ဒဏ်ရာရ
DVB
·
August 13, 2021
232100595_2899523190362585_3237314478748759432_n

စစ်ကိုင်းတိုင်း ကလေးမြို့မှာ နှစ်ဖက်တပ်တွေ သြဂုတ် ၁၂ ရက် မွန်းလွဲပိုင်းက တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား အနည်းဆုံး ၃ ဦး သေဆုံးခဲ့ပြီး ကလေးပြည်သူ့ကာကွယ်ရေး (PDF) ဘက်က ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ  ကလေးမြို့ ပန်းမွန်ချောင်းကျေးရွာရဲ့ တောင်ဘက်ကြောတလျှောက်မှတဆင့် ချောင်းခွ နတ်ချောင်းကို လာရောက်စဉ် ကလေး PDF တပ်ဖွဲ့က မနေ့ မွန်းလွဲ ၂ နာရီခွဲ လောက်ကစတင်ပြီး ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ ည ၈ နာရီလောက်အထိ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ကလေး PDF က ထုတ်ပြန်ပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အနည်းဆုံး ၃ ဦးသေဆုံးခဲ့ပြီး လက်နက်ကြီးနဲ့ ပစ်ခတ်ခံရမှုကြောင့် ကလေး PDF တပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ဟာ ကလေးမြို့နယ်တောင်ပိုင်း နတ်ချောင်းရွာအတွင်းကိုလည်း သြဂုတ် ၁၁ ရက်နေ့က အကြမ်းဖက်ဝင်ရောက်စီးနင်းရှာဖွေခဲ့ကြတယ်လို့ ဆိုပါတယ်။

နတ်ချောင်းကျေးရွာမှာ တပ်စွဲထားတဲ့ စဖက်စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ထိတွေ့မှုတွေ ဆက်လက်ဖြစ်ပေါ်နိုင်တာကြောင့် ကလေး-ဂန့်ဂေါအကြား သွားလာနေတဲ့ ကားတွေ မှန်ချမောင်းနှင်သွားလာဖို့နဲ့ ဒေသခံပြည်သူတွေ လုံခြုံရေး အသိ၊ သတိရှိစွာနဲ့ နေထိုင်သွားလာဖို့ ကလေး PDF က အသိပေးထုတ်ပြန်ထားပါတယ်။

တိုက်ပွဲဖြစ်ပွားမှုနဲ့ပတ်သက်ပြီး အာဏာသိမ်းစစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာတော့ မရှိသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024