မကွေးတိုင်း စလင်းမြို့နယ် လက်မဲကျေးရွာမှာ သြဂုတ်လ ၁၀ ရက်နေ့ ညနေပိုင်းက နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
လက်မဲကျေးရွာမှာ ညနေပိုင်း ၄ နာရီကျော်လောက်က ဦးကံထွန်းရဲ့ နေအိမ် လျှပ်စစ်ရေနွေးအိုးတည်ရာကနေ အပူချိန်လွန်ကဲပြီး နေအိမ်ထရံကိုမီးစွဲကာ မီးလောင်ဆုံးရှုံးခဲ့တာလို့ ဒေသခံတစ်ယောက်က ပြောပါတယ်။
အဲဒီမီးလောင်ကျွမ်းတဲ့နေရာကို မီးသတ်တပ်ဖွဲ့ဝင်တွေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၂၅ ယောက်လောက်နဲ့ ဒေသခံပြည်သူတွေပူးပေါင်းပြီး မီးသတ်ကား ၃ စီးနဲ့ ဝိုင်းဝန်ငြှိမ်းသတ်ခဲ့တာကြောင့် တစ်ခြားအိမ်တွေကို ကူးစက်တာမရှိပေမယ့် မီးလောင်တဲ့ နေအိမ်ကတော့ ပြာကျသွားတယ်လို့ ဆိုပါတယ်။
မီးလောင်သွားတဲ့ နေအိမ်ပိုင်ရှင် ဦးကံထွန်းကိုတော့ စလင်းမြို့မရဲစခန်းမှာ မီးပေါ့ဆမှုနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။