ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်၊ ပုဇွန်တောင်ရဲစခန်းနားနဲ့ YMBA နားမှာ ဩဂုတ် ၁၀ ရက် ဒီကနေ့ နေ့လည်က ဗုံးပေါက်ကွဲခဲ့တာကြောင့် စစ်ကောင်စီတပ်တွေက လမ်းတွေပိတ်ဆို့ပြီး လက်ဖက်ရည်ဆိုင်တွေထဲ က လူတွေကို လိုက်လံစစ်ဆေးနေတယ်လို့ အနီးအနားဝန်းကျင်က ဒေသခံတွေက ပြောပါတယ်။
“ပုဇွန်တောင်ရဲစခန်းကတော့ အသံဗုံးပဲလို့ကြားတယ်။ YMBA နားမှာ တစ်လုံးပေါက်တယ်။ လူတော့ ထိပုံမရဘူး။ အသံက တော်တော်ကျယ်တယ်။ အကုန်ကြားလိုက်တယ်။ အခု ရေကျော်လမ်းမနဲ့ ဗိုလ်မြတ်ထွန်းလမ်းထောင့် နောက်ပြီး စက်ဆန်းလက်သွားတဲ့လမ်းတွေ အကုန်ပိတ်ထားတယ်။ ရပ်ကွက်တွေထဲဆင်းပြီး လက်ဖက်ရည်တွေထဲ အခုလိုက်ရှာနေတယ်”လို့ အနီးအနားနေထိုင်သူတစ်ဦးက ပြောပါတယ်။
ပုဇွန်တောင်မြို့နယ်၊ ဗိုလ်ချုပ်လမ်းနဲ့ ၅၁ လမ်းထောင့်မှာရှိတဲ့ရဲစခန်းအနီးဗုံးကွဲမှုနဲ့ပတ်သက်ပြီး ဒေသခံတဦးက "ဗုံးပေါက်ကွဲတာပါ၊ မိနစ် ခြားပြီး ၃ ကြိမ် ပေါက်ကွဲတာပါ၊ထိခိုက်မှု တော့မသိဘူး၊ဗုံးပေါက်တဲ့နေရာကိုစစ်တပ်အဖွဲ့တွေ ရောက်လာပြီး၊စစ်ဆေးနေကြတယ်"လို့ ပြောပါတယ်။
သြဂုတ်လ ၈ ရက်နေ့ကလည်း ပုဇွန်တောင်ဈေးအနီး ဗုံးပေါက်ကွဲခဲ့ပြီး ရဲတစ်ယောက် ထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်။ ပုဇွန်တောင်ဗုံးပေါက်ကွဲတဲ့ ရုပ်သံတွေလည်း ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ပျံ့နှံ့လာပါတယ်။
ဗိုလ်တထောင်မြို့နယ်၊ ဗိုလ်အောင်ကျော်လမ်း အောက်ဘလောက် ယာဥ်ထိန်းရုံးနားနဲ့ ကမ်းနားလမ်း စာတိုက်ကြီးအနီးမှာလည်း ဒီနေ့ နေ့လယ်ပိုင်းက ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက် ဖြစ်ပွားခဲ့ပါတယ်။