မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ကျောက်ထုရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သား ၁၀ ယောက်ဟာ ဩဂုတ်လ ၉ ရက်နေ့က တပ်အတွင်းကနေ ထွက်ပြေးသွားတယ်လို့ ဂန့်ဂေါဒေသခံတွေဆီက သိရပါတယ်။
“အဲ့သတင်းတော့ သေချာတယ်ဗျ။ သူတို့ရှေ့တန်းထွက်ရပေမယ့် လစာအပြည့်အဝ မရတာရယ်၊ တပ်အတွင်းနှိပ်စက်မှုတွေကြောင့် ထွက်ပြေးရတာလို့ ပထမတော့ ကြားတာပဲဗျ။ ဒုတိယကြတော့ သူတို့အရာရှိပါ စစ်သေနတ်နဲ့ ထုခဲ့တယ်လို့ ကြားရတယ်။ သတင်းတွေကတော့ အမျိုးမျိုးကြားနေရတာပဲ။ သေချာတာကတော့ ဆယ်ယောက်တပ်ကနေ ထွက်ပြေး တယ်ဆိုတာကတော့ လုံးဝသေခြာတယ်”လို့ ဂန့်ဂေါ်မြို့နယ်ဒေသခံတစ်ဦးက ပြောပါတယ်။
ဂန့်ဂေါမြို့နယ်အတွင်း ဩဂုတ် ၉ ရက်အထိ စစ်ကောင်စီတပ်တွေရဲ့ လှုပ်ရှားမှုတွေ ရှိနေပြီး ဒေသခံပြည်သူကာကွယ်ရေးအဖွဲ့ကတော့ စစ်ကောင်စီရဲ့ လှုပ်ရှားမှုတိုင်းကို အနီးကပ် စောင့်ကြည့်နေတယ်လို့လည်း ဒေသခံတွေဆီကနေသိရပါတယ်။