စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ပင်စိမ်းကင်းရွာကို ဩဂုတ်လ ၉ ရက် နေ့လယ်ပိုင်းက အိမ်စီးကား ငါးစီးနဲ့စစ်ကောင်စီတပ်အင်အား ၄၀ လောက် သေနတ်ပစ်ဖောက်ဝင်ရောက်ပြီး နေအိမ်အချို့က ငွေနဲ့ပစ္စည်းတွေ ယူဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တပ်က ဝင်ရောက်တာကြောင့် ကျေးရွာအတွင်းက ကလေးသူငယ် သက်ကြီးရွယ်အိုပါ မကျန် ထွက်ပြေးကြစဉ် နေအိမ်အချို့ကိုဝင်ပြီး ပိုက်ဆံနဲ့ပစ္စည်းတွေယူသွားကြတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“စစ်တပ်လာတာက ကျနော်တို့ရွာက NLD အမာခံလည်းဖြစ်၊ လိုလျင်ယူ ပိုလျင်လှူ ကျေးရွာ ပရဟိတခေါင်းဆောင်လဲဖြစ်တဲ့ ကိုလှသန်းကို လာဖမ်းတာတဲ့ဗျ။ သူကိုမတွေ့တော့ သူ့အိမ် ဝင်ရှာတယ်။ တွေ့တဲ့ပိုက်ဆံ၊ TV နဲ့ မီးကော်မတီဆိုတော့ လျှပ်စစ်ပစ္စည်းတွေယူသွားကြတယ်။ ကိုလှသန်းမတွေ့လို့ သူ့အဖေ အိမ်သွားမေးတယ်။ အိမ်ကိုမွှေပြီး ပိုက်ဆံနဲ့ပစ္စည်းအချို့ ထပ်ယူသွားတယ်။ သူညီအိမ်ကလည်း ပိုက်ဆံနဲ့ပစ္စည်းတွေထပ်ယူသွားကြတယ် အားလုံးပေါင်းရင် သိန်း ၂၀ ကျော်လောက်တော့ပါသွားတယ်။”
ရေဦးမြို့နယ်၊ ပင်စိမ်းကင်းရွာ ဦးလှသန်းအိမ်၊ ညီဖြစ်သူ ငြိမ်းချမ်းအောင်ရဲ့နေအိမ်နဲ့ ဦးချစ်ဆောင်အိမ်က ငွေနဲ့ TV အပါအဝင် ပစ္စည်းတွေ ယူသွားကြတယ်လို့ သိရပါတယ်။ရေဦးမြို့နယ်၊ ပင်စိမ်းကင်းရွာဟာ မူးမြစ်ရဲ့အရှေ့ဘက်မှာ တည်ရှိပြီး ခင်ဦးမြို့နယ်၊ မုံလှရွာနဲ့ တဆက်တစပ်တည်းရှိတာကြောင့် ဩဂုတ် ၇ ရက်နေ့က မုံလှကျေးရွာမှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦး အသတ်ခံခဲ့ရမှု သံသယနဲ့ လာဖမ်းတာလည်း ဖြစ်နိုင်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။