ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့၊ ကောင်းနောင်မိုရပ်ကွက်မှာရှိတဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ စစ်ဖက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့(စရဖ)ရုံးအနီးမှာ ဒီကနေ့ ဩဂုတ် ၉ ရက်နေ့ နေလယ်ပိုင်းက ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
"ဆိုင်ကယ်နဲ့ လူငယ်နှစ်ယောက်က လက်ပစ်ဗုံးနဲ့ လာပစ်သွားတာပဲ။ ဘယ်သူဘယ်ဝါ ဆိုတာတော့ မသိဘူး" လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာသေဆုံးစာရင်းကတော့ အတည်မပြုနိုင်သေးပါဘူး။
နမ့်ခမ်းမြို့ဟာ မြန်မာ- တရုတ်နယ်စပ်မြို့ တစ်မြို့ဖြစ်ပြီး ကချင်ပြည်နယ်နဲ့လည်း နယ်နိမိတ်ခြင်း ထိစပ်နေပါတယ်။
ဒေသတည်ငြိမ်မှု ပျက်ပြားနေတာ ၁၀ နှစ်ကျော်ရှိခဲ့ပြီး မြို့ပေါ်မှာပင် ပစ်ခတ်မှု၊ ဗုံးပေါက်ကွဲမှု၊ ပြန်ပြေးဆွဲမှုနဲ့ အဓမ္မတပ်သားသစ်စုဆောင်းမှုတွေ မကြာခဏဖြစ်ပွားလေ့ ရှိပါတယ်။
ဩဂုတ်လ ၈ ရက်နေ့ မနေ့ကလည်း နမ့်ခမ်းမြို့နယ်၊ ဝိန်းကန်ကျေးရွာနဲ့ နမ့်မရွာကြားမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ TNLA(တအာင်း)တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်လို့ အသက်ကြီးအမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရ ရှိခဲ့ပါတယ်။
နမ့်ခမ်းမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်အပြင် လက်ပါးစေဖြစ်တဲ့ နမ့်ခမ်းမြို့မပြည်သူ့စစ်၊ ပန်းဆေးပြည်သူစစ်တပ်ဖွဲ့တွေရဲ့ အခြေချစခန်းတွေရှိပါတယ်။
ဒါ့အပြင် ဒေသခံတိုင်းရင်းသားတော်လှန်ရေးတပ်တွေဖြစ်တဲ့ KIA (ကချင်)၊ TNLA(တအာင်း)၊ MNDAA(ကိုးကန့်) နဲ့ SSPP (ရှမ်း) တပ်တွေ လှုပ်ရှားနေပါတယ်။