ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDFက သတိပေးစာထုတ်ပြီးနောက် ပဲခူးတိုင်း ထန်းတပင်မြို့နယ်က ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး အယောက် ၂၀ လောက်နုတ်ထွက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီယန္တရားကို အထောက်အပံ့ပေးနေတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေအနေနဲ့ ဩဂုတ် ၁၅ ရက်နေ့ နောက်ဆုံးထားနုတ်ထွက်ကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဩဂုတ် ၅ ရက်မှာ သတိပေးစာထုတ်ပြန်ခဲ့တာပါ။
“မြို့ပေါ်ရပ်ကွက် ၆ ခု၊ အုန်းပင်ကျေးရွာ အပါအဝင် အုပ်ချုပ်ရေးမှူး ၂၀ လောက် နုတ်ထွက်ကြတယ်။” လို့ ဒေသခံတယောက်က ပြောပါတယ်။
အခုလို အုပ်ချုပ်ရေးမှူးတွေ နုတ်ထွက်ကြတာကို ဝမ်းမြောက်စွာကြိုဆို ဂုဏ်ပြုကြောင်းနဲ့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့ ထန်းတပင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
ကျန်နေသေးတဲ့ အုပ်ချုပ်ရေးမှူးတွေလည်း ဩဂုတ် ၁၅ ရက် မတိုင်ခင် နုတ်ထွက်ကြဖို့ကိုလည်း ထပ်ပြီး သတိပေးထားပါတယ်။
ဒါ့အပြင် ထန်းတပင်မြို့နယ်မှာ ကိုဗစ်-၁၉ ကပ်ရောဂါကို အကြောင်းပြပြီး ပိတ်ထားတဲ့ မြို့အဝင်အထွက်ကို ပြန်ဖွင့်ဖို့အတွက်လည်း PDF အဖွဲ့က ဩဂုတ် ၅ ရက်မှာ ကြေညာချက်ထုတ်ပြန် တောင်းဆိုထားပါတယ်။
PDF အဖွဲ့က တောင်းဆိုပြီး နောက်နေ့မှာ မနက် ၆ နာရီကနေ ၁၁ နာရီအထိ ဖြတ်ခွင့်ပြုခဲ့ပေမဲ့ ထောက်ခံချက်တွေ အများကြီးလိုပြီး စစ်ဆေးမေးမြန်းတာတွေ တအားများတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
ဒီမတိုင် မြို့နယ်စစ်ကောင်စီက တောင်ငူနဲ့ ထန်းတပင်ချိတ်ဆက်ထားတဲ့ တံတားကနေ ကျန်းမာရေးကိစ္စနဲ့ပဲ ဖြတ်ခွင့်ပြုခဲ့တာကြောင့် သွားလာရေးခက်ခဲပြီး ကုန်ဈေးနှုန်းတွေလည်း တက်သွားခဲ့ပါတယ်။