စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ နများရွာနဲ့မရကန်ရွာ နှစ်ရွာလုံးကို စစ်ကောင်စီတပ်က ဩဂုတ် ၉ ရက် မနက်ပိုင်းမှာ တပြိုင်တည်း ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံတွေကိုလည်း ဖမ်းဆီးစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
ဒေသခံတဦးက “မနေ့က ဒီပဲယင်း-ညောင်လှလမ်းအတိုင်း ခြေလျင်တက်လာတဲ့ စစ်တပ်က ညောင်လှ၊ ဝဲကြီး၊ မူးခတွင်း ရွာတွေကို ဝင်မွှေတယ်။ ရွာသားတွေကိုလည်း ဖမ်းတယ်။ အခုမနက်က နှစ်ဖွဲ့ခွဲပြီး နများရွာ နဲ့ မရကန်ရွာကို တပြိုင်တည်း ဝင်မွှေကြတာ၊ မရကန်ရွာထဲမှာ မီးရှို့တာတွေလည်း လုပ်နေတယ်။ ဒေသခံတွေကတော့ လုပ်လက်စလယ်ယာလုပ်ငန်းတွေပစ်ပြီး ပြေးကြရတာပေါ့။ ပျက်စီးဆုံးရှုံးမှု အတိအကျမသိနိုင်သေးဘူး” လို့ ပြောပါတယ်။
ဩဂုတ် ၇ ရက် ညပိုင်းကြည်ရွာအနီးမှာ စစ်ကားနှစ်စီး မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက်ပိုင်း စစ်ကောင်စီတပ်တွေက ကျေးရွာတွေထဲ ပစ်ခတ်တာ၊ မီးရှို့ဖျက်ဆီးတာနဲ့ ဖမ်းဆီးစစ်ဆေးတာတွေ လုပ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
ဩဂုတ် ၈ ရက်နေ့ကလည်း ညောင်လှ၊ မူးခတွင်း၊ ဝဲကြီးကျေးရွာတွေကိုဝင်ပြီး ဒေသခံ ၁၀ ဦးကျော် ဖမ်းဆီးသွားတာလို့ သိရပြီး အခုမနက်ပိုင်းမှာလည်း နများရွာက ၁ ဦးနဲ့ မရကန်က ၂ ဖမ်းခံထားရတယ်လို့ ကနဦး သိထားရပါတယ်။
ဒီပဲယင်းမြို့နယ်အတွင်းမှာ ဇူလိုင်လဆန်းပိုင်းကလည်း စစ်ကောင်စီတပ်က အင်အားအလုံးအရင်းသုံးပြီး ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ ၄၀ ကျော်သေဆုံးခဲ့ရပါတယ်။
မရကန်ရွာ မီးရှို့ခံရစဉ်