ဩဂုတ် ၈ ရက် ညပိုင်းက မန္တလေး အိုးဘိုအကျဉ်းထောင်အတွင်း စစ်အာဏာရှင် ဆန့်ကျင်ရေး ကြွေးကြော်သံများထွက်ပေါ်လာပြီး ထောင်အာဏာပိုင်တွေက သေနတ်ပစ်ဖောက် ဖြိုခွဲတာနဲ့ အကျဉ်းထောင်အတွင်း စစ်ကားများဝင်ရောက်သွားတာတွေကြောင့် ဆန္ဒပြခဲ့တဲ့ နိုင်ငံရေး အကျဉ်းသားတွေရဲ့ လုံခြုံရေးကို အထူးစိုးရိမ်ကြောင်း မန္တလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ကြေညာ ပါတယ်။
မတရားဖမ်းဆီးခံရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ချွင်းချက်မရှိလွှတ်ပေးဖို့နဲ့ အကြမ်းဖက် ဖိနှိပ်မှုတွေ ရပ်တန့်ဖို့လည်း မန္တလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂက ဩဂုတ်လ ၉ ရက်မှာ ကြေညာချက်ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
ဒါ့အပြင် နိုင်ငံရေးအကျဉ်းသားတွေ ကိုဗစ်-၁၉ ရောဂါကူးစက် သေဆုံးတာတွေ ရှိနေတာကြောင့် နိုင်ငံရေးအကျဉ်းသားတွေအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး၊ ကုသရေး အပါအဝင် ဆေးကုသခွင့်ရရှိရေး ဆောင်ရွက်ပေးဖို့ကိုလည်း မန္တလေး တက္ကသိုလ် ကျောင်းသားများ သမဂ္ဂအနေနဲ့ တောင်းဆိုလိုက်ပါတယ်။
မန္တလေး အိုးဘိုအကျဉ်းထောင်အတွင်းကနေ ဩဂုတ်လ ၈ ရက် ည ၉ နာရီလောက်က စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံတွေ ထွက်ပေါ်လာပြီး မကြာခင်မှာ ထောင်အတွင်းက တရားသံအကျယ်ကြီးဖွင့်တဲ့အသံနဲ့ သေနတ်သံ နှစ်ချက် ထွက်ပေါ်လာတယ်လို့ ထောင်အနီး ပတ်ဝန်းကျင်နေထိုင်သူတွေဆီက သိရပါတယ်။