အာဏာသိမ်းစစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးတာကို ခံခဲ့ရတဲ့ မန္တလေး ဆေးတက္ကသိုလ် ခွဲစိတ်ကုပညာ ကထိက ဒေါက်တာမောင်မောင်ငြိမ်းထွန်း မန္တလေး အိုးဘိုထောင်မှာ ဩဂုတ် ၈ ရက် မနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါနဲ့ သေဆုံးသွားပါတယ်။
CRPH / NUG တို့နဲ့ ပတ်သက်နေတယ်ဆိုပြီး CDM လုပ်ထားတဲ့ ဒေါက်တာမောင်မောင်ငြိမ်းထွန်းနဲ့ ဇနီးဖြစ်သူ မန္တလေးဆေးရုံကြီး အထူးကုဆရာဝန် ဒေါက်တာ ဆွေဇင်ဦးတို့ကို စစ်ကောင်စီအကြမ်းဖက်လက်နက်ကိုင်တပ်တွေက ဇူလိုင် ၁၉ ရက်နေ့မှာ ရိုက်နှက် ဖမ်းဆီးခဲ့တာပါ။
အဲ့ဒီနောက် ဒေါက်တာမောင်မောင်ငြိမ်းထွန်းနဲ့ ဒေါက်တာဆွေဇင်ဦးတို့ကို ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅(က)၊ မတရားအသင်း ဆက်သွယ်မှု ဥပဒေ ပုဒ်မ ၁၇(၁)တို့နဲ့ အမှုဖွင့်ကာ မန္တလေး အိုးဘိုအကျဉ်းထောင်မှာ ဖမ်းဆီးထားစဉ် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီး ဒေါက်တာ မောင်မောင်ငြိမ်းထွန်း ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။
မြန်မာ့နွေဦးတော်လှန်ရေးအတွင်း အကြမ်းမဖက်နည်းနဲ့ အကြမ်းဖက် လူသတ်စစ်ကောင်စီကို ဆန့်ကျင်တော်လှန်ရင်း ကျဆုံးသွားခဲ့ရတဲ့ ရဲဘော် ဒေါက်တာမောင်မောင်ငြိမ်းထွန်းအား ဖယ်ဒရယ်မော်ကွန်းဝင် ပြည်သူ့သူရဲကောင်း အာဇာနည်တစ်ဦးအဖြစ် ကျန်းမာရေးမိသားစု - မန္တလေးက မော်ကွန်းရေးထိုး ထုတ်ပြန်ကြေညာထားပါတယ်။