ရန်ကုန်မြို့မှာ အလုပ်အကိုင်နဲ့ ပုံမှန်ဝင်ငွေမရှိတော့တဲ့ အခြေခံပြည်သူတွေကို တနိုင်တပိုင် အလှူရှင်တွေက ပြည်သူမှပြည်သူ တနိုင်တပိုင် လှူဒါန်းတာတွေ ဩဂုတ် ၇ ရက်နေ့က စတင်ပြုလုပ်နေကြပါတယ်။
“ရန်ကုန်မြို့မှာ တကယ်လိုအပ်တဲ့သူတွေကို လိုက်လံလှူဒါန်းတာပေါ့။ ဆန်၊ ဆီ၊ ကြက်ဥ၊ ကြက်သွန်ရယ် Mask ရယ်ပေါ့။ တကယ်လိုအပ်တဲ့သူတွေကို ကားနဲ့ပတ်ပြီး လိုက်လှူနေတာပေါ့” လို့ တနိုင်တပိုင်အလှူရှင် ကိုထွန်းမင်းက ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ၆ လအကြာမှာတော့ ရန်ကုန်မြို့က အခြေခံလူတန်းစားတွေဟာ အလုပ်အကိုင် အခွင့်အလမ်းတွေ ပျောက်ဆုံးပြီး စားဝတ်နေရေး ကျပ်တည်းနေကြတာပါ။
ဇူလိုင်လအတွင်း ကိုဗစ်တတိယလှိုင်းကြောင့် အခြေခံပြည်သူတွေရဲ့ ဘဝရပ်တည်ရေးမှာ ပိုမိုကျပ်တည်းလာပါတယ်။
အရပ်ဘက်အဖွဲ့တွေနဲ့ တဦးချင်းအလှူရှင်တွေဟာ ဆင်ခြေဖုံးရပ်ကွက်တွေနဲ့ စားဝတ်နေရေး ကျပ်တည်းသူတွေဆီကို ပြည်သူမှပြည်သူ တပိုင်တပိုင် လှူဒါန်းမှုတွေ ပြုလုပ်နေကြတာ ဖြစ်ပါတယ်။