ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ ဟံသာဝတီအဝိုင်းအနီး ပြည်လမ်းနဲ့ ဟံသာဝတီလမ်းထောင့်မှာရှိတဲ့ မြန်မာ့အသံနဲ့ရုပ်မြင်သံကြား (MRTV) အသံလွှင့်ဌာနဝင်းအနားမှာ ဩဂုတ် ၇ ရက် မနေ့ည ၉ နာရီလောက်က ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပါတယ်။
သေနတ်သမားက MARK II ကားအမျိုးအစားနဲ့ လာရောက်ပစ်ခတ်ခဲ့ရာမှာ လုံခြုံရေးတပ်ဖွဲ့ဝင် တွေပြန်လည်ပစ်ခတ်ခဲ့လို့ အဆိုပါကားဟာ ပြန်လည်မောင်းနှင်ထွက်ပြေးသွားတယ်လို့ ရဲသတင်းပေးပို့ချက်အရသိရပါတယ်။
အဆိုပါပစ်ခတ်မှုကြောင့် ပြည်လမ်းပေါ်သွားလာနေတဲ့ ကားတစ်စီးကို ကျည်ဆန်ထိမှန်ခဲ့ပြီး ကားပေါ်မှာလိုက်ပါလာတဲ့ အမျိုးသားတစ်ဦး ဝမ်းဗိုက်နဲ့ လက်မှာ မစိုးရိမ်ရတဲ့ ဒဏ်ရာရရှိခဲ့လို့ အမှတ် (၂) တပ်မတော်ဆေးရုံသို့ ပို့ဆောင်ထားတယ်လို့သိရပါတယ်။ မြန်မာ့အသံဝန်ထမ်းတွေကတော့ ထိခိုက်ဒဏ်ရာရတဲ့သတင်းတွေ မရရှိပါဘူး။
အဆိုပါပစ်ခတ်မှုဖြစ်ပွားချိန်မှာ ဟံသာဝတီအဝိုင်းနဲ့ စမ်းချောင်းတစ်ဝိုက်နေထိုင်တဲ့ ဒေသခံတွေ သေနတ်သံတွေအချက်ပေါင်းတော်တော်များများကြားခဲ့ရတယ်လို့ ပြောကြပါတယ်။
ပစ်ခတ်မှုဖြစ်ပွားတဲ့နေရာကို ရန်ကုန်တိုင်းရဲမှူးချုပ် အပါအဝင် လုံခြုံရေးတပ်ဖွဲ့ဝင်တွေ လာရောက် စစ်ဆေးသွားခဲ့တယ်လို့ သိရပါတယ်။