ရွေးကောက်ပွဲသစ်ကိုကြိုဆိုထောက်ခံထားတဲ့ ကြံ့ခိုင်ရေးပါတီနဲ့အပေါင်းပါတွေရဲ့ ထုတ်ပြန်ချက်ဟာ မိမိတို့ပါတီနဲ့သက်ဆိုင်ခြင်းမရှိကြောင်း ‘ဝ’အမျိုးသားပါတီက ဒီကနေ့ ဩဂုတ် ၆ ရက်မှာ သဘာထားထုတ်ပြန်လိုက်ပါတယ်
။ရွေးကောက်ပွဲသစ်ကျင်းပမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်က ကတိပြု ပြောကြားလိုက်တဲ့ အပေါ်မှာ ကြိုဆိုတဲ့အကြောင်း ၂၀၂၀ ရွေးကောက်ပွဲမှာ မဲအပြတ်အသတ်နဲ့ ရှုံးနိမ့်ခဲ့ကြတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီအပါအဝင် မဟာမိတ် ၂၈ ပါတီက ဩဂုတ် ၄ ရက်မှာ ထုတ်ပြန် ကြေညာခဲ့တာဖြစ်ပါတယ်။
ဒီထုတ်ပြန်ချက်မှာ ‘ဝ’အမျိုးသားပါတီ ဥက္ကဋ္ဌ ဦးဆိုင်ပေါင်းနပ် ပါဝင်လက်မှတ်ရေးထိုးထားတာဖြစ်ပါတယ်။
လက်မှတ်ရေးထိုးထားတဲ့ ဦးဆိုင်ပေါင်းနပ်ဟာ အထက်ပါကိစ္စနဲ့ ပတ်သက်ပြီး ပါတီဗဟိုကော်မတီဝင်တွေကို ကြိုတင် အသိပေးတာ၊ အများစုရဲ့ သဘောထားရယူ ဆွေးနွေးတိုင်ပင်ညှိနှိုင်းတာ လုံးဝမရှိခဲ့ဘူးလို့ ‘ဝ’အမျိုးသားပါတီက ပြောပါတယ်။
ဒီလုပ်ရပ်ဟာ ပါတီတွင်း လေးစားရမယ့် စည်းမျဉ်းစည်းကမ်းတွေ၊ ဒီမိုကရေစီ စံနှုန်းတွေ၊ စည်းလုံးညီညွတ်မှု ဦးတည်ချက်တွေနဲ့ ကိုက်ညီမှုမရှိတဲ့အပြင် ပါတီအပေါ်ထားရှိတဲ့ ပြည်သူလူထုရဲ့ ယုံကြည်မှုကို ထိခိုက်စေတဲ့ လုပ်ရပ်ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဒါကြောင့် ပါတီဗဟိုကော်မတီဝင်တွေ၊ ပါတီဝင်တွေရဲ့ ရပ်တည်ချက်နဲ့ သွေဖည်တဲ့ လုပ်ရပ်ဟာ ပါတီနဲ့ သက်ဆိုင်ခြင်းမရှိလို့ ပြင်းထန်စွာ ရှုတ်ချတယ်လို့ ‘ဝ’အမျိုးသားပါတီရဲ့ သဘောထားထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။