ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်းရှိ နမ်ဟော့အကျဉ်းထောင်မှာ ဩဂုတ် ၅ ရက်နေ့က ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမဆုံးအကြိမ် ထိုးနှံပေးသွားတယ်လို့ အကျဉ်းထောင်၀န်ထမ်းတွေနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
ဩဂုတ် ၅ ရက်နေ့ မနက်ပိုင်း ၁၀ နာရီ၀န်းကျင်ခန့်မှာ ပူတာအိုနမ်ဟော့အကျဉ်းထောင်မှ ထောင်သားများနဲ့ အကျဉ်းထောင်၀န်ထမ်းတွေကို စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ထမ်း ၃ ဦး ရောက်လာပြီး ပထမဆုံးအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးသွားတာလို့ ဆိုပါတယ်။
ပူတာအိုနမ်ဟော့ အကျဉ်းထောင်မှာ ထောင်သား ၄၈ ဦးရှိပြီး အများစုက မူးယစ်ဆေးမှုနဲ့ ထောင်ကျနေတာဖြစ်ပါတယ်။
ပူတာအိုခရိုင်အတွင်း ခရိုင်ဆေရုံကြီးကို ကိုဗစ်ကုသရေးအတွက်ပဲ အသုံးပြုပြီး ကျန်တဲ့ရောဂါနဲ့ ဖျားနာသူတွေအကုန်လုံးကို တပ်ဆေးရုံကို လွှဲထားတယ်လို့ အမည်မဖော်လိုတဲ့ ဆရာဝန်တဦးက ပြောပါတယ်။
ပူတာအို သပိတ်စစ်ကြောင်းက ဖမ်းဆီးခံရသူ ကိုဆိုင်းလင်းအောင်လည်း ဒီနေ့ချိန်ထိ လွတ်မြောက်ခြင်းမရှိဘဲ နမ်ဟော့အကျဉ်းထောင်မှာ ချူပ်နှောင်ခံထားရတယ်လို့ သိရပါတယ်။
ပူတာအိုခရိုင်မှာ ဩဂုတ် ၅ ရက်နေ့အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၀၀ ဝန်းကျင်၊ သေဆုံးသူ ၂ ဦးရှိပြီလို့ သိရပါတယ်။
ပူတာအိုခရိုင်းအတွင်း ပူတာအို၊ မချမ်းဘော့နဲ့ နောင်မွန်းမြို့နယ်တို့မှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရပြီး ကျန်တဲ့ ဆွမ်ဘရာဘွမ်နဲ့ ခေါင်လန်ဖူးမြို့နယ်မှာတော့ ကူးစက်တာ မရှိသေးဘူးလို့ သိရပါတယ်။