ကယားပြည်နယ်က လူနေထူထပ်ပြီး ရွေ့ပြောင်းလုပ်သားအများစုနေထိုင်တဲ့ ဖားဆောင်းမြို့နယ် မော်ချီး (လိုခါးလို) ဒေသမှာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု မြင့်တက်နေတဲ့အတွက် မိမိနေအိမ်တွင်နေထိုင်ရန် (Stay at Home) အဖြစ် သတ်မှတ်ကြေညာလိုက်ပါတယ်။
ဖားဆောင်းမြို့နယ် မော်ချီး(လိုခါးလို) ဒေသမှာ ဇူလိုင် ၂၂ ရက်မှ ဩဂုတ် ၂ ရက်နေ့ အထိ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၁၁၇ ဦးရှိပြီး ပိုးကူးစက်နှုန်းမြင့်တက်နေလို့ အိမ်တွင်းမှာနေထိုင်ဖို့ သတ်မှတ်ကြေညာကြောင်း ကယားပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဩဂုတ်လ ၃ ရက်နေ့မှာ ထုတ်ပြန်ကြောလိုက်တာပါ။
နေအိမ်တွင်းနေထိုင်ရေး (Stay at Home) အစီအစဉ်မှာ အကျုံးဝင်တဲ့ပြည်သူတွေအနေနဲ့ မိမိနေအိမ်တွင်သာနေထိုင်ဖို့၊ မဖြစ်မနေ ဈေးဝယ်ဖို့ တအိမ်လျှင် တဦးသာသွားဖို့၊ ဆေးရုံ ဆေးခန်းသွားရောက်ဖို့ရှိပါက တအိမ်လျှင် နှစ်ဦးသာ သွားဖို့၊ နေအိမ်အပြင်သွားလာလျှင် mask တပ်ဖို့၊ ရပ်ကွက်ကျေးရွာအတွင်း ဈေးဝယ်ဖို့အတွက် ယာဉ်မောင်းအပြင် ယာဉ်ပေါ်မှာ တစ်ဦး၊ ဆေးရုံ/ဆေးခန်းသွားရောက်တဲ့အခါ ယာဉ်မောင်းအပြင် ယာဉ်ပေါ်တွင် နှစ်ဦးသာ သွားရောက်ဖို့ စတဲ့ စည်းကမ်းချက်တွေ သတ်မှတ်ထားပါတယ်။
ဒီထုတ်ပြန်ချက်အမိန့်စာကို ဩဂုတ် ၃ ရက်နေ့ ညနေ ၆ နာရီအချိန်ကစပြီး စတင်တင်သက်ရောက်ကြောင်းလည်း ထုတ်ပြန်ထားပါတယ်။
ကယားပြည်နယ်မှာ ဇွန်လ ၂၉ ရက်မှ ဩဂုတ် ၃ ရက်နေ့အထိ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၆၈၄ ဦး ရှိပြီး ၃၀ ဦး သေဆုံးသွားကြောင်း ပြည်နယ်ကျန်းမာရေးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဖားဆောင်းမြိုနယ် အတွင်း ပိုးတွေ့လူနာ အယောက် ၁၂၀ ရှိပြီး ဒီအထဲက ဖားဆောင်းမြို့နယ်ဆေးရုံမှာ ၇ ဦး၊ လိုခါးလို တိုက်နယ်ဆေးရုံမှာ ၈ ဦးနဲ့ လိုခါးလို အ.ထ.က positive Medical Centre မှာ ၁၀၅ ဦး ထားရှိ ကုသပေးနေကြောင်းလည်း ထုတ်ပြန်ထားပါတယ်။