အာဏာသိမ်းစစ်ကောင်စီက အိမ်စောင့်အစိုးရအဖြစ်အပြောင်းလဲဖွဲ့စည်းလိုက်ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဝန်ကြီးချုပ်အဖြစ် တာဝန်ယူမှာဖြစ်တယ်လို့ သြဂုတ်လ ၁ရက်နေ့စွဲနဲ့ ထုတ်ပြန်ကြေညာပါတယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ စီမံခန့်ခွဲရေးကော်မတီကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်နေ့က ဖွဲ့စည်းခဲ့ပြီး ဒီနေ့မှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖြစ်ပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်း စစ်ကောင်စီအတွင်းရေးမှူး အောင်လင်းဒွေး အမိန့်နဲ့ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
ချမှတ်ထားတဲ့ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်နှင့်အညီ နိုင်ငံတော် တာဝန်တွေကို ပိုမို၊ လွယ်ကူ၊ လျင်မြန်အောင် ဆောင်ရွက်နိုင်ရန်ဖို့အတွက် ခုလို့ အိမ်စောင့်အစိုးရအဖြစ်ပြင်ဆင်ဖွဲ့စည်းလိုက်တာလို့လည်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒါ့အပြင် အိမ်စောင့်အစိုးရရဲ့ နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ် စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တာဝန်ယူမယ်လို့ ဆိုပါတယ်။
ဒုတိယဝန်ကြီးချုပ်အဖြစ် စစ်ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက တာဝန်ယူမှာဖြစ်ပြီး ပြည်ထောင်စုဝန်ကြီးတွေ၊ ပြည်ထောင်စုရှေ့နေချုပ်၊ အမြဲတမ်းအတွင်းဝန် အိမ်စောင့်အစိုးရအဖွဲ့ရုံးနဲ့ ပြည်ထောင်စုဝန်ကြီးဌာန အမည်တွေကိုလည်း ပြင်ဆင်ဖွဲ့စည်းလိုက်ပါတယ်။
ဒါ့အပြင် တိုင်းဒေသကြီး(သို့) ပြည်နယ် စစ်ကောင်စီတွေကိုလည်း အစိုးရအဖွဲ့တွေအဖြစ် ပြင်ဆင်ဖွဲ့စည်းလိုက်ပြီး ဝန်ကြီးတွေကို ခန့်အပ်တာဝန်ပေးတဲ့ သတင်းထုတ်ပြန်ချက်တွေလည်း ဆက်ထုတ်ကြေညာနေပါတယ်။