ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရပြီး သေဆုံးသူဦးရေဟာ အယောက် ၉၀ ကျော်ထိရှိလာပြီဖြစ်တယ်လို့ နယ်မြေခံပရဟိတအဖွဲ့တွေက ပြောပါတယ်။
လားရှိုးမြို့မှာ ဇူလိုင် ၂၉ ရက်နေ့ တစ်ရက်တည်းမှာ အတည်ပြုလူနာ ၈၈ ဦး တွေ့ရှိခဲ့ပါတယ်။ ကိုဗစ်-၁၉ ရောဂါပိုး တတိယလှိုင်း စတင်ကူးစက်ပြန့်ပွားတဲ့ ဇွန်လ ၉ ရက်ကနေ ဇူလိုင် ၃၀ ရက်ထိ ရောဂါကူးစက်ခံရသူပေါင်း ၁,၇၅၅ ဦးရှိပါတယ်။
အဲ့ဒီထဲက ၁,၀၉၀ ဦးဟာ ရောဂါသက်သာပျောက်ကင်းပြီး ဆေးရုံဆင်းခွင့်ရပြီဖြစ်တယ်လို့ စစ်ကောင်စီရဲ့ ကျန်းမာရေးဌာနစာရင်းအရ သိရပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း လားရှိုးမြို့ကပြည်သူလူထုတွေဟာ အကြမ်းဖက်စစ်ကောင်စီက ဖွင့်လှစ်တဲ့ ကျန်းမာရေးဌာနတွေမှာ ဆေးဝါးကုသမှုခံယူမှု မရှိသလောက်နည်းပါးပါတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နီးစပ်ရာပုဂ္ဂလိကဆေးခန်းတွေနဲ့ မိမိနေအိမ်တွင်းမှာသာ ကိုဗစ်-၁၉ ရောဂါကို ရရာဆေးဝါးနဲ့ ကုသနေသူတွေလည်း ရှိနေသလို သေဆုံးတာတွေလည်းရှိခဲ့ပါတယ်။
ဒါ့ကြောင့် လားရှိုးမြို့နယ်မှာ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူစာရင်းဟာ စစ်ကောင်စီကျန်းမာရေးဌာနက ထုတ်ပြန်တဲ့ လူဦးရေထက် ပိုများနေနိုင်ပါတယ်။
အကြမ်းဖက်စစ်ကောင်စီရဲ့ ကျန်းမာရေးဌာနကနေ ထုတ်ပြန်ထားတဲ့ နေအိမ်တွင်း နေထိုင်ရေး(Stay at Home) ကြေညာထားတဲ့ နိုင်ငံတဝန်း မြို့နယ် ၁၀၈ မြို့နယ်ထဲမှာ လားရှိုးမြို့နယ် ပါဝင်ပါတယ်။