မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ် ကြည့်ငိုတောင်မှာ ဇူလိုင် ၂၉ ရက်နေ့က စစ်ကောင်စီတပ်က ထောင်ထားတဲ့ မိုင်းနင်းမိပြီး ပြည်သူ ၂ ဦးသေဆုံးခဲ့တယ်လို့ PPDF အဖွဲ့က ပြောပါတယ်။
ကြည့်ငိုတောင်မှာ ပေါက်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF တပ်ဖွဲ့ဝင်တွေရှိတယ် ထင်ပြီး စစ်ကောင်စီတပ်က မိုင်းထောင်ထားတာကြောင့် သစ်ညီနောင်ကျေးရွာက ကိုမင်းထိုက်နဲ့ ကိုနိုင်မင်းတို့ နှစ်ယောက် အသက်ဆုံးရှုံးခဲ့ရတယ်လို့ PPDF တပ်ဖွဲ့ဝင်တစ်ယောက်က DVB ကို ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ ၂ ရက်လောက်က အဲဒီတောင်ခြေက ဇရပ်မှာ ချက်ပြုတ်စားသောက်ပြီး လိုက်လံရှာဖွေတာတွေမပြုလုပ်ဘဲ ညတွင်းချင်းပြန်ဆုတ်သွားတော့ ထူးဆန်နေပြီး ခုပေါက်ကွဲမှုဖြစ်မှ တန်ပြန်မိုင်းထောင်သွားတယ်ဆိုတာ သိရတာလို့ ဆိုပါတယ်။
ပြည်သူတွေအနေနဲ့လည်း ကြည့်ငိုတောင်ဟာ အန္တရာယ်များတဲ့နေရာဖြစ်တာကြောင့် ဖြတ်သန်းသွားလာတာတွေ မပြုလုပ်ကြဖို့ PPDF က တိုက်တွန်းထားပါတယ်။
ပြီးခဲ့တဲ့ တစ်ပတ်လောက်ကလည်း ကြည့်ငိုတောင်နဲ့ ကြည့်ငိုတောင်အနီးတစ်ဝိုက်မှာ PPDF အဖွဲ့က မိုင်းထောင်တိုက်ခိုက်ခဲ့လို့ အကြမ်းဖက်စစ်ကောင်စီတပ်သား ၅၆ ယောက် သေဆုံးခဲ့ပြီးတော့ PPDF တပ်ဖွဲ့ဝင်တစ်ယောက် တိုင်းပြည်အတွက် အသက်ပေးလိုက်ရတယ်လို့ သိရပါတယ်။