စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်း လှုပ်ရှားနေတဲ့ စစ်ကောင်စီတပ်က တောထဲမှာတွေ့တဲ့ ဘယ်သူ့ကိုမဆို ပစ်သတ်မယ်ဆိုပြီး ခြိမ်းခြောက်ပြောဆိုခဲ့တယ်လို့ ဒေသခံ ရွာသားတွေက ပြောပါတယ်။
ကနီမြို့နယ်အတွင်း စစ်ကောင်စီက အင်းအားအလုံးအရင်းနဲ့ တပ်ရင်း ၃ ခုချကာ ထိုးစစ်ဆင်နေတာကြောင့် ပြည်သူတွေ တိမ်းရှောင်နေရပါတယ်။
ဇူလိုင် ၂၈ ရက်မှာ စစ်ကောင်စီတပ်တွေက ကနီမြို့နယ် အောင်မင်္ဂလာကျေးရွာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဝင်ရောက်ပြီး ရွာသားတွေကို ဖမ်းဆီးစစ်ဆေးကာ အခုလို ခြိမ်းခြောက်ခဲ့တာလို့ ရွာသားတွေက ပြောပါတယ်။
“ကျနော်တို့ရွာကို ဇူလိုင်လ ၂၈ ရက်နေ့ညနေပိုင်းမှာ ရွာအနောက်ဘက်ကနေ လက်နက်ကြီး တွေ ပစ်ပြီး မထင်မှတ်ဘဲဝင်ခဲ့တာ။ ရွာသားတွေ ရှောင်ချိန်မရလိုက်ဘူး၊ အကုန်လုံးဖမ်းတယ်။ ဖမ်းပြီး ရိုက်နှက်စစ်ဆေးတယ်ဗျ။ နောက်ပြီး ကျနော်တို့ကို ရွာထဲမှာနေ တောထဲ ထွက်ပုန်းနေလို့ကတော့ ဘယ်လိုလူမျိုးပဲဖြစ်ဖြစ် အကုန်ပစ်သတ်မယ်လို့ ပြောသွားတယ်။”
စစ်ကောင်စီတပ်တွေဟာ ဇူလိုင် ၂၆ ရက်ကလည်း အဘိုးအိုနှစ်ဦးကို ပစ်သတ်သွားတယ်လို့ ဆိုပါတယ်။
“ဇူလိုင် ၂၆ ရက်နေ့က ဇီးပင်တွင်း တောပြင်မှာနေတဲ့ အဘိုးအိုနှစ်ဦး သူတို့ တဲထဲမှာ နေတာတောင် ပစ်သတ်သွားတာ။ အဘိုးတစ်ဦးဆိုရင် ခန္ဓာကိုယ်မသန်စွမ်းဘူးရယ်။ အဲဒီလို မသန်စွမ်းသူကိုပါ ပစ်သွာတာလေ။”
ဒါ့အပြင် မနေ့ညကလည်း စစ်ကောင်စီတပ်က အောင်မင်္ဂလာကျေးရွာထဲ သေနတ်နဲ့ ရမ်းပစ်တာကြောင့် အပြစ်မဲ့ လူငယ် ၁ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ ရွာသားတစ်ဦးက ပြောပါတယ်။
ကနီမြို့နယ် အောင်မင်္ဂလာကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေဟာ ဒီနေ့ နေ့လယ်ပိုင်းကလည်း ဇီးပင်တွင်းကျေးရွာရှိ NLD ပါတီ တိုင်းလွှတ်တော်အမတ် နေအိမ်ကို မီးရှို့သွားတယ်လို့ သတင်းတွေထွက်နေပေမဲ့ ဒီဗွီဘီက အတည်ပြုချက် မရသေးပါဘူး။