မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံ အဓိက ကုန်သွယ်ရာ ဂိတ်တစ်ခုဖြစ်တဲ့ ကျင်းစန်းကျော့ဂိတ်မှာ တရုတ်ဘက် အခွန်ဆောင်ပြီးသား မြန်မာကုန်တင်ကားတွေကို ဇူလိုင် ၂၈ ရက်နေ့က လွှတ်ပေးနေပြီလို့ ယာဉ်ထိန်းရဲတပ်ဖွဲ့ဆီက သိရပါတယ်။
ဆေးနဲ့ ဆေးဝါးဆက်စပ်ပစ္စည်းတွေသာမက ဘယ်ကုန်အမျိုးအစားမဆို တရုတ်နိုင်ငံထဲမှာ ဂျူတီ အခွန်ဆောင်ပြီးသား မြန်မာကုန်တင်ကားတွေကို တစ်ပတ်မှာ သုံးရက် ပြန်ထွက်ခွင့်ပေးနေတာဖြစ်ပါတယ်။
မူဆယ် ယာဉ်ထိန်းရဲ တပ်ကြပ်ကြီး ဦးမျိုးမင်းသူက “တရုတ်ပြည် ကျင်းစန်းကျော့ပေါက်ကလေ တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာကကျတော့ ဟိုဘက်နိုင်ငံမှာ ဂျူတီပြီးပြီးသားကားတွေ ဒီဘက်ကို ပေးထွက်တယ်။ တစ်ရက်ကို အစီး ၂၀ လောက် ပေးထွက်တယ်။ တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ” လို့ DVB ကို ပြောပါတယ်။
ဝမ်တိန်ထဲက ဂျူတီဆောင်ပြီးသား မြန်မာကားတွေကို ဇူလိုင် ၂၃ ရက်မှ စတင်ကာ ကျင်စန်းကျော့ဂိတ်ပေါက်မှ တစ်ရက်ကို အစီး ၂၀ လောက် လွှတ်ပေးတာဖြစ်ပြီး ဇူလိုင် ၂၃၊ ၂၆ နဲ့ ကနေ့ ၂၈ ရက်နေ့ စုစုပေါင်း အစီး ၆၀ ခန့် လွှတ်ပေးပြီးဖြစ်ပါတယ်။
ဇူလိုင် ၂၀ ရက်ကလည်း ဆေးနဲ့ ကျန်းမာရေးဆက်စပ်ပစ္စည်းတင်တဲ့ ကား ၃ စီး အပါအဝင် ဝမ်တိန်ဘက် ပိတ်မိနေတဲ့ ဂျူတီဆောင်ထားတဲ့ ကား ၂၃ စီးနဲ့ ဇူလိုင်လ ၁၂ ရက်နေ့က အောက်ဆီဂျင်တင်တဲ့ကား ၁ စီး စုစုပေါင်း မြန်မာကုန်တင်ကား အစီး ၈၀ ကျော် ထုတ်ပေးပြီးပြီလို့ ယာဉ်ထိန်းရဲတပ်ဖွဲ့ ဆီက သိရပါတယ်။
နှစ်နိုင်ငံ အဓိက ကုန်တင်ပို့ရာ ကျင်းစန်းကျော့-ဝမ်တိန်ဂိတ်ကို ကိုဗစ်-၁၉ ကပ်ရောဂါ အခြေအနေကြောင့် တရုတ်ဘက်က ဇူလိုင်လ ၈ ရက်နေ့ နေ့ခင်းပိုင်းကစတင်ကာ ရက် အကန့်အသတ်မရှိ ပိတ်ထားခဲ့တာ ဖြစ်ပါတယ်။
Pra Jaw ၊ Photo - ဦးမျိုးမင်းသူ