မိတ်ဆွေတယောက်က ‘ပန်းပေါက်တွေက တဝေဝေ’ဆိုပြီး စာတပုဒ်ရေးတာ ဖတ်လိုက်ရတယ်။ သူကတော့ ဘာသဘောနဲ့ ဒီခေါင်းစဉ်ပေးလဲတော့ မသိ။ အတွေးပွားနေမိတာက ကျနော်ပါ။ မြန်မာတွေက ပေါက်ပန်းနဲ့ပတ်သက်ပြီး ‘တိုင်းရေးပြည်ရေး ပေါက်နဲ့ကျေး’လိုလည်း တင်စားတတ်ကြတာကိုး။ တခါ ‘လူ့ပေါက်ပန်း’ ရယ်လို့လည်း ဗာလာနံတွေကို တင်စားပြောတာလည်း ရှိရဲ့။
အဲ့လိုအတွေးပွားလို့မှ မဆုံးသေးဘူး သတင်းတပုဒ်က တက်လာတယ်။ တက်လာတဲ့သတင်းက “၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလတွင် ကျင်းပခဲ့သော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ရလဒ်ကိုဖျက်သိမ်းကြောင်း”ဆိုပြီး ဇူလိုင် ၂၆ ရက် ည၈နာရီသတင်းမှာ ကြေညာသွားပါတယ်။ အံ့တော့မအံ့ဩမိပါဘူး။ ကြေညာတာတောင်နောက်ကျ နေသေးတယ်။ အားလုံးက ဒီလမ်းကြောင်းလာတော့မယ်ဆိုတာ ကြိုသိမြင်နေကြပြီးသား၊ တွက်ထားပြီးသားကိုး။
တကယ်တော့ ၂၀၂၀ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်ဦးရေ နည်းတာ၊ များတာ အပထား ဝင်ပြိုင်ကြတဲ့ပါတီ ၁၀၀ ကျော်ထဲမှာ ၁၀ ပါတီကပဲ ကိုယ်စားလှယ်အဖြစ် အရွေးခံခဲ့ရတယ်။ အဲဒီအထဲ လွှတ်တော်ကိုယ်စားလှယ်ဦးရေ ၃၉၆ ဦးနဲ့ NLD က အမတ်ဦးရေ အများဆုံး အနိုင်ရခဲ့တာ။ အစိုးရတရပ်ဖွဲ့လို့ရတဲ့ ဦးရေကိုတောင်ကျော်နေပြီမို့ သမ္မတဟာလည်း ယင်းပါတီကပဲ ရရှိမှာပါပဲ။ အဲဒီလို အနိုင်ရခဲ့တာဟာလည်း စစ်တပ်အုပ်စုအတွက်တော့ မီးပွားတစအဖြစ် အသွင်ပြောင်းဖို့ အကြောင်းဖန်လာခဲ့တာပဲ မဟုတ်လား။
၁၉၉၀ တုန်းက ဖြစ်ရပ်လေးတခုကို သွားသတိရမိတယ်။ ၁၉၉၀ ရွေးကောက်ပွဲမှာလည်း NLD က လည်း ပါတီတခုအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်တယ်။ အဲဒီတုန်းက ဒေါ်အောင်စုကြည်ကလည်း အကျယ်ချုပ်နဲ့ အဖမ်းခံထားရတယ်။ ပြည်သူလူထုအားလုံးကလည်း မဲအပြတ်အသတ်နိုင်ရေးကို အားခဲထားခဲ့ကြတယ်။
ဆရာဦးဝင်းတင်ကလည်း ၁၉၈၉ မှာကတည်းက အဖမ်းခံထားရတယ်။ ကျန်ခေါင်းဆောင်တွေကလည်း မဲအပြတ်အသတ်နိုင်ရေးကိုပဲ အားစိုက်ခဲ့ကြတယ်။ ရွေးကောက်ပွဲနေ့မှာ ဗိုလ်ချုပ်မှူးကြီးဖြစ်တဲ့ ဦးစောမောင်ကိုယ်တိုင်က နိုင်ငံခြားသတင်းထောက် တဦးရဲ့အမေးကို “အနိုင်ရတဲ့အဖွဲ့အစည်းကို အာဏာအပ်မယ်။ စစ်သားနဲ့ နိုင်ငံရေးဟာ ဘာမှမဆိုင်ဘူး။ စစ်တန်းလျားပြန်မယ်”လို့ ပြောခဲ့သေးတယ်။ စစ်သားစကား ‘ပြီးပြီးပျောက်ပျောက်’ ဖြစ်လိမ့်မယ်လို့ ဘယ်သူ ထင်မှာလဲ။ အာဏာလွှဲလိမ့်မယ်လို့ ရိုးသားစွာ ယုံကြည်ခဲ့ကြတာကိုး။
အဲ့ဒီရွေးကောက်ပွဲမှာလည်း NLD က ၈၃ ရာခိုင်နှုန်းအထက် အနိုင်ရခဲ့ပါတယ်။ ‘သောင်ပြိုကမ်းပြို နိုင်တယ်’ဆိုတဲ့ ဝေါဟာရဟာ အဲဒီကာလမှာ မီဒီယာတွေ အသုံးပြုခဲ့တဲ့ ဝေါဟာရတခုတောင်ဖြစ် လာခဲ့တယ်။ အဲဒီလို NLD က အနိုင်ရတဲ့အကြောင်းကို မိတ်ဆွေဖြစ်သူ ကိုဇေယျက သူ့အဖေကို ပြောပြတော့ အဖေဖြစ်သူ လင်းယုန်မောင်မောင်က “မင်းတို့ အဲဒီလောက် အပြတ်အသတ်နိုင်ရင်တော့ ဗိုလ်နေဝင်းက အာဏာဘယ်အပ်တော့မလဲကွာ။ လွှတ်တော် ဘယ်ခေါ်ပါတော့မလဲကွာ”လို့ ပြောခဲ့တဲ့အကြောင်းကို သားကြီးမောင်ဇေယျ ပြောပြတာလေးကို ကောက်နုတ်ပြီး ရွေးကောက်ပွဲမတိုင်မီက ဒီဗွီဘီမှာ ရေးခဲ့ဖူးတယ်။ သံသယတဝက်နဲ့ ရေးခဲ့ပါသေးတယ်။ တကယ်လည်း ၁၉၉၀ အနိုင်ရပါတီကို အာဏာမအပ်ခဲ့သလို လွှတ်တော်ခေါ်ခွင့်တောင် မရခဲ့တာ အားလုံးအသိ။
ရှေ့ကစကားပြန်ဆက်ရရင် ၁၉၉၀ ရွေးကောက်ပွဲကနေ ၂၀၂၀ ရွေးကောက်ပွဲအထိ နှစ်ပေါင်း ၃၀ ရှိပြီ။ ရွေးကောက်ပွဲကျင်းပပြီး အာဏာမအပ်တဲ့ သမိုင်းဘီး တပတ်လည်လာခဲ့တယ်။ သမိုင်းဟာ တထပ်တည်း မကျပေမယ့် ကြောင်လိမ်လှေကားသဖွယ် စစ်တပ်ရဲ့ဝိညာဉ်ဆိုးတို့ သမိုင်းဘီး တပတ်လည်လာခဲ့ပါပြီ။ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ဟာလည်း ၁၉၉၀ လိုပဲ မာယာအောက်မှာ တကျော့ပြန် ပျက်သုဉ်းလိုက်ရပြန်ပါတယ်။
၁၉၈၈ ခုနှစ်မှာ အာဏာသိမ်းခဲ့တဲ့ နဝတအဖွဲ့ဟာ ၁၄/၈၉ ဆိုပြီး ရွေးကောက်ပွဲမတိုင်မီမှာ ထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒီထုတ်ပြန်ချက်က ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေပါ။ အဲဒီဥပဒေရဲ့ အခန်း (၃) ပုဒ်မ (၃) မှာ “အရွေးချယ်ခံရသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များဖြင့် ပြည်သူ့လွှတ်တော် ဖွဲ့စည်းရမည်။ ထိုရွေးကောက်ပွဲများသည် အမျိုးသားဥပဒေပြုလွှတ်တော်ကို ဖွဲ့စည်းနိုင်သည်”လို့ ပါရှိခဲ့တယ်။ ဒါပေမဲ့ ၁၉၉၀ ရွေးကောက်ပွဲအပြီးမှာတော့ ၁/၉၀ ဆိုပြီး ၁၄/၈၉ ဥပဒေကိုဆန့်ကျင်တဲ့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
အာဏာလွှဲရေးကို ဆန့်ကျင်တဲ့ ထုတ်ပြန်ချက်ပါ။ ပြည်သူ့လွှတ်တော်ဖွဲ့စည်းရေးကို ပယ်ဖျက်လိုက်တဲ့ ထုတ်ပြန်ချက်ပေါ့။ အဲဒီထုတ်ပြန်ချက်က “လက်ရှိအခြေအနေ၌ ပြည်သူက ရွေးချယ်ထားသော ကိုယ်စားလှယ်များသည် အနာဂတ်ဒီမိုကရေစီနိုင်ငံအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ရေးဆွဲရန် တာဝန်ရှိသူများဖြစ်သည်”လို့ ဆိုပြန်ပါတယ်။ ၁၉၉၂ ဧပြီလထဲမှာတော့ “ငါတို့က စစ်သား။ စစ်သားဆိုတာ စကားတည်ရတယ်။ အာဏာလွှဲပေးပြီး စစ်တန်းလျား ပြန်ရမယ်” လို့ နှုတ်က တဖွဖွပြောနေခဲ့တဲ့ ဗိုလ်စောမောင်ဟာ ဗိုလ်သန်းရွှေ၊ ဗိုလ်ခင်ညွန့်တို့ရဲ့ အာဏာသိမ်းခြင်းကို ခံလိုက်ရပါတော့တယ်။
အာဏာသိမ်းခံလိုက်ရခြင်းနဲ့အတူ ၁/၉၀ လည်း ရေစုန်မျောပြီး NLD လည်းတစစီ ချေမှုန်းခံလိုက်ရတယ်။ တပြိုင်တည်း ၂ နှစ်ကြာမှ ဧပြီ ၂၄ ရက်နေ့မှာ “ဖွဲ့စည်းပုံရေးဆွဲရေးအတွက် အမျိုးသားညီလာခံ ကျင်းပပေးမည်”လို့ ထုတ်ပြန်ခဲ့တယ်။ ဘယ်နေ့ ဘယ်ရက် ဘယ်သူတွေ ဦးဆောင်ကျင်းပမယ်ဆိုတာတော့ မပါဘူး။ ၁၃/၉၂ ကြေညာချက်မှာတော့ ၁/၉၀ ကို ချေဖျက်ပြီး ဦးတည်ချက် ၆ ချက်ကို ထုတ်ပြန်ခဲ့တယ်။ အဲဒီ ၆ ချက်က ခြေ/ဥရဲ့ ‘အခြေခံမူ’ဖြစ်လာတာပါပဲ။ ဒါတွေဟာ စစ်တပ်ရဲ့ ‘ကုလားအုပ်ဗျူဟာ’လို တစတစချင်း ရှေ့တိုးလာတတ်တဲ့ မာယာများတဲ့ အကျင့်ဆိုးတခုဆိုတာ မမေ့မလျော့ နှလုံးသွင်းစေဖို့ ‘အပ္ပမာဒေန သမ္ပာဒေထ’ လိုက်တာပါ။
အဲဒီတုန်းကလည်း ဗိုလ်ခင်ညွန့်က ၁၉၉၀ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး တပ်ရင်းတပ်ဖွဲ့တွေကိ ရှင်းလင်းပြရာမှာ “နိုင်ငံရေးသမားတွေက ညစ်ပတ်တယ်။ ခင်ဗျားတို့ သိတဲ့အတိုင်း မြွေလိမ်မြွေကောက်နဲ့ ညစ်ပတ်တဲ့အခါကျတော့ NLD က အများစုအနိုင်ရတယ်ဆိုတာ ဖြစ်လာတာပဲ” လို့ ပြောခဲ့တာပါပဲ။
အဲဒီတုန်းကတည်းက စစ်တပ်ဟာ လူထုကို လက်နက်အားကိုးနဲ့ ခြိမ်းခြောက်တာ။ မုသားသုံးပြီး အရပ်သားပါတီတရပ် မဲအနိုင်ရတဲ့အပေါ်မှာ ကျေနပ်ခြင်းမရှိခဲ့တာကို တွေ့နေရတယ်။ နိုင်ငံရေးသမားအပေါ် အမြင်မကြည်နိုင်တာတွေကို အထင်အရှား ဖော်ပြနေတယ်။ ဒါဟာ စစ်သားအားလုံးဆီမှာရှိတဲ့ အခံစိတ်တခုပဲ။ တပ်တွင်းဖြားယောင်းချက်တခု၊ ဆိုက်ဝါးတခုပဲ။
ဟော နှစ်ပေါင်း ၃၀ အကြာမှာတော့ သမိုင်းတပတ်လည်ခဲ့ရပြန်ပါပြီ။ ရွေးကောက်ပွဲကာလမှာ ဗိုလ်မင်းအောင်လှိုင်က “ကျနော်ကတော့ ပြည်သူ့ဆန္ဒနဲ့ ထွက်ပေါ်လာတဲ့ရလဒ်ကိုတော့ လက်ခံရမှာပါ။ ဒါတော့ ဘယ်လိုမှ ငြင်းပယ်လို့မရဘူး”လို့ သံကောင်းဟစ်ခဲ့ပါသေးတယ်။ ဒါ့အပြင် ရွေးကောက်ပွဲတရားမျှတမှု ရှိခြင်း၊ မရှိခြင်းနဲ့ပတ်သက်ပြီး ပြောရာမှာလည်း “ရွေးကောက်ပွဲ တရားမျှတမှုရှိခြင်း၊ မရှိခြင်းဟာ တပ်မတော်နဲ့ မသက်ဆိုင်ပါဘူး”လို့ ဆိုခဲ့ပြန်ပါတယ်။ စစ်သားစကား ပြီးပြီးပျောက်ပျောက်ပါပဲ။
ဒါပေမဲ့ တကယ်တမ်း ရွေးကောက်ပွဲရလဒ် ကြေညာပြီးတဲ့နောက်မှာတော့ သူ့အခြေအနေက ဝန်ထမ်းသက်ပြည့်နေပြီမို့ ကာကွယ်ရေးဦးစီးချုပ်ကနေ ထွက်ခွာရမယ့် အခြေအနေပါ။ ဒါ့အပြင် ရွေးကောက်ပွဲမတိုင်မီက မျှော်မှန်းခဲ့တဲ့ သမ္မတအိပ်မက်ဟာလည်း ပျက်ပြယ်သွားတဲ့ အနေအထား ရောက်ခဲ့တယ်။ A Plan က မဖြစ်နိုင်တဲ့အချိန်မှာတော့ B Plan ကို ထုတ်သုံးဖို့အတွက် လေသံတွေ ပြောင်းလာခဲ့တယ်။ သူ့ကိုယ်ကျိုးစီးပွားပေကိုး။
စစ်စရိတ်နဲ့ ရပ်တည်နေတယ်လို့ ယူဆရတဲ့ ၃၄ ပါတီကိုခေါ်ပြီး တွေ့ဆုံခဲ့ပြန်တယ်။ အရင်က စီစဉ်ထားတဲ့အတိုင်း မဲစာရင်းတွေကို အကြောင်းပြ ရန်ရှာလာပါတော့တယ်။ ဒီအဆင်နဲ့ ဒီအသွင်ကို ပြည်သူတွေ တွေ့ကြုံပြီးသားမို့ အချိန်မရွေး အာဏာသိမ်းနိုင်တယ်လို့ မျှော်လင့်သူတွေ ရှိနေသလို ခြေ/ဥအရ အာဏာသိမ်းစရာမလိုအောင် စစ်တပ်က နေရာယူထားပြီးမို့ ‘မိုက်မိုက်မဲမဲ မလုပ်တန်ရာ’လို့ ကိုယ်စိတ်နဲ့နှိုင်ပြီး ချင့်ချိန်သူတွေလည်း ရှိနေပါတယ်။
ဒါပေမဲ့ “ကျုပ် မလုပ်ရဲတာ ဘာမှမရှိဘူး”ဆိုတဲ့စကားနဲ့အတူ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ဗိုလ်မင်းအောင်လှိုင်နဲ့ အလိုတူအလိုပါတစုတို့က အာဏာသိမ်းလိုက်ပါတော့တယ်။ ၂၆-၇-၂၁ နေ့မှာတော့ “၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်းကြောင်း ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ မျှော်လင့်ပြီးသားမို့ အံ့ဩစရာမရှိပေမယ့် အာဏာသိမ်းပြီး ၆ လအကြာထိ မြန်မာတနိုင်ငံလုံးကို အုပ်ချုပ်ရေးဩဇာ မလွှမ်းနိုင်သေးတဲ့ တရားမဝင်အဖွဲ့အစည်းတရပ်ရဲ့ ထုတ်ပြန်ချက်ကို ပြည်သူလူထုအများစုကတော့ လက်မခံနိုင်ခဲ့ကြပါဘူး။ လူမျိုးစု ပါတီကြီးတွေအနေနဲ့လည်း လက်ခံနိုင်ခြင်းမရှိတာကို တွေ့လာရတယ်။
အာဏာလုယူပြီးချိန်ကစလို့ ၆ လတာအတွင်းမှာ လူထုဆန္ဒပြတာတွေကလည်း တရက်မပျက် ပြနေကြဆဲ။ ဆန္ဒပြလူအုပ်ကိုလည်း စစ်တပ်ကလည်း ပစ်ခတ်သတ်ဖြတ်နေဆဲ။ ဖမ်းဆီးညှဉ်းပန်း နှိပ်စက်နေဆဲ။ ဘဏ်တွေကလည်း ပြိုလုလုအနေအထား။ စီပွားရေးလည်း ပျက်သုဉ်းပြီ။ အလုပ်လက်မဲ့ ဦးရေဟာလည်း တသန်းကျော်အထိ တိုးပွားလာတယ်။ ဝူဟန်ဗိုင်းရပ်ဖြစ်တဲ့ ကိုဗစ်နှိပ်စက်မှုနဲ့ အလောင်းထောင်ကျော်ကို နေ့စဉ် သင်္ဂြိုဟ်နေရဆဲ။ အုပ်ချုပ်သူ မရှိ။ ‘နိုင်ငံရေးဂေဟစနစ်ကြီး’တခုလုံး ပျက်ပြီ။ ‘ပြည်သူမှပြည်သူ့ဆီသို့’ အစီအစဉ်ရဲ့ ရိုင်းပင်းစိတ်နဲ့ ပြည်သူအချင်းချင်း ဝိုင်းဝန်းဖေးကူနေရဆဲ။
စစ်တပ်က ပြည်သူ့အာဏာကို လုယူလိုက်တဲ့အချိန်ကစပြီး ပြည်သူလူထု ဒုက္ခဟာ နေ့စဉ်မပျက် အော်ဟစ်ညည်းညူသံတွေနဲ့ တနေ့တာကို အစပြုခဲ့ရသလို ငိုကြွေးသံတွေနဲ့ပဲ အိပ်တန်းတက်နေခဲ့ရတယ်။ တချို့ကတော့ ဒီလိုအခြေနေကိုပဲ ‘တိုင်းရေးပြည်ရေး ပေါက်နဲ့ကျေး’လို ရှုပ်ထွေးလွန်းသတဲ့။ မြန်မာနိုင်ငံရေးဟာ ပေါက်နဲ့ကျေးလို မရှုပ်ထွေးပါဘူး။ ဗာလာနံ လူမိုက်တစုတို့ရဲ့ အဆင်းလည်းမလှ အချင်းလည်းမလှတဲ့ လူ့ပေါက်ပန်းတို့ ခြေရှုပ်နေခြင်း တခုမျှသာပါ။
လူ့ပေါက်ပန်းတွေ ‘တဝေဝေ’ ပွင့်နေသမျှ လူထုဟာ ဒုတ္ခအပေါင်းကို ဆက်လက်ရင်ဆိုင်ကြုံတွေ့ နေကြရဦးမှာပါ။ ဒါကြောင့် ပေါက်ပန်းတွေ တဝေဝေ ပွင့်မလာနိုင်အောင် ပေါက်ပင်တခုလုံး အမြစ်ကနေ ဆွဲနုတ်ဖို့ လိုအပ်နေပြီဖြစ်ကြောင်း ကြေညာမောင်းခတ်လိုက်ရပါတော့တယ်။
ဂန္ထဝင်မောင်ထူး